COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကြုံနေတဲ့ ဗြိတိန်နိုင်ငံမှာ မိမိကိုယ်တိုင် သီးခြားခွဲနေရမယ့် ညွှန်ကြားချက်ကို မလိုက်နာသူများ ပေါင်စတာလင် ၁၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၇၀ ဝန်းကျင်) အထိ အမြင့်ဆုံး ငွေဒဏ်ချမှတ်ခံရနိုင်ကြောင်း အစိုးရက ပြောကြားလိုက်ပါတယ်။
(Photo: PA Media)
ဗြိတိန်မှာ အသစ်ထုတ်ပြန်ထားတဲ့ ဥပဒေစည်မျဥ်းအရ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသူတွေ သို့မဟုတ် ကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေဟာ စက်တင်ဘာ ၂၈ ရက်နေ့မှစပြီး ၎င်းတို့ကိုယ်တိုင် သီးခြားခွဲနေကြရမှာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေအရ သီးခြားခွဲနေရပါက နေအိမ်ကနေ အလုပ်မလုပ်နိုင်တဲ့ ဝင်ငွေနည်းသူ ၄ သန်းအတွက် ပေါင်စတာလင် ၅၀၀ (မြန်မာကျပ်ငွေ ၈၅၀,၀၀၀ ဝန်းကျင်) တစ်ကြိမ်ထောက်ပံ့ငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
သီးခြားခွဲနေရတာကြောင့် လုပ်ငန်းခွင်သို့ မလာရောက်နိုင်တဲ့ အလုပ်သမားတွေကို အပြစ်ပေးခြင်း သို့မဟုတ် သီခြားခွဲနေရမယ့် ညွှန်ကြားချက်ကို မလိုက်နာရန် အလုပ်သမားကို ဖိအားပေးပြောဆိုခြင်းတို့အတွက် သက်ဆိုင်ရာ အလုပ်ရှင်တွေကိုလည်း ပြစ်ဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်။
ဗြိတိန်မှာ ကူးစက်မှုတွေ တစ်ဟုန်ထိုး ပြန်မြင့်တက်လာပြီးနောက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကူးစက်မှုထိန်းချုပ်ရေး တားမြစ်ကန့်သတ်ချက်များ တင်းကျပ်ရန် စီစဥ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ COVID-19 ဒုတိယလှိုင်းဖြစ်ပွားနေပြီလို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၁၈ ရက် နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။ COVID-19 ဒုတိယလှိုင်းကို ဗြိတိန်မှာ ရှောင်လွှဲမရဘဲ ကြုံခဲ့ရကြောင်းလည်း ၎င်းက ဆိုပါတယ်။
ကူးစက်မှုထိန်းချုပ်ရေး ပိုမိုကြီးမားကျယ်ပြန့်တဲ့ lockdown အစီအမံတွေ သတ်မှတ်ဆောင်ရွက်ခြင်းမပြုလိုပေမဲ့ ပိုမိုတင်းကျပ်တဲ့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းကန်သတ်ချက်များ လိုအပ်နိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောထားခဲ့ပါတယ်။ စနေနေ့ (စက်တင်ဘာ ၁၉ ရက်) စာရင်းတွေအရ ဗြိတိန်မှာ အတည်ပြုလူနာသစ် ၄,၄၂၂ ဦးနဲ့ သေဆုံးသူ ၂၇ ဦး တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း ဗြိတိန်အပါအဝင် ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း သတိပေးထားပါတယ်။ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် ဥရောပရှိ မြို့ကြီးတွေမှာ ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်အသစ်များ အသီးသီး သတ်မှတ်ထုတ်ပြန်နေပါတယ်။
ဗြိတိန်ရဲ့ ကိုဗစ်ထိန်းချုပ်ရေး စည်းမျဥ်းအသစ်အချို့
- အင်္ဂလန်မှာ နေထိုင်သူတွေဟာ ကူးစက်ခံရမှုကြောင့် NHS (National Health Service) Test and Trace အဖွဲ့က မိမိကိုယ်တိုင် သီးခြားခွဲနေရန် ညွှန်ကြားချက်ကို မလိုက်နာပါဘဲ ညွှန်ကြားချက်ဖောက်ဖျက်တဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ပေါင်စတာလင် ၁,၀၀၀ မှ ၁၀,၀၀၀ အထိ ငွေဒဏ်ချမှတ်ခံရပါမယ်။
- မိမိကိုယ်တိုင် သီးခြားခွဲနေရမယ့် ညွှန်ကြားချက်နဲ့ မလိုက်နာပါက ငွေဒဏ်ချမှတ်မှုမှာ အကျုံးဝင်သူတွေကတော့ COVID-19 ကူးစက်ခံရသူတွေ သို့မဟုတ် ကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေ ဖြစ်ပါတယ်။
- ငွေဒဏ်ချမှတ်ရာမှာ သီးခြားခွဲနေရမယ့် အလုပ်သမားတွေကို ညွှန်ကြားချက်အတိုင်း မလိုက်နာရန် ဖိအားပေး ပြောဆိုဆောင်ရွက်တဲ့ အလုပ်ရှင်တွေလည်း အကျုံးဝင်ပါတယ်။
- NHS Test and Trace အဖွဲ့က သီးခြားခွဲနေရမယ့်သူတွေကို ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ ပုံမှန် ဆက်သွယ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
- စက်တင်ဘာ ၂၈ ရက်နေ့မှစပြီး စည်းမျဥ်းညွှန်ကြားချက်အသစ်တွေများ စတင်သက်ရောက်မှာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စည်းမျဥ်းညွှန်ကြားချက်များ သက်ရောက်စေရန် ဆောင်ရွက်သွားမှာပါ။
- ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေအရ သီးခြားခွဲနေရပါက နေအိမ်ကနေ အလုပ်မလုပ်နိုင်တဲ့ ဝင်ငွေနည်းသူတွေဟာ အစိုးရထံမှ ထောက်ပံ့ငွေ ပေါင်စတာလင် ၅၀၀ ကို တစ်ကြိမ် လက်ခံရရှိမှာ ဖြစ်ပါတယ်။