လေကြောင်းခရီးစဥ် ပျံသန်းရခြင်းမရှိဘဲ ရပ်နားထားရတဲ့ ခရီးသည်တင် လေယာဥ်ကြီးတွေကို COVID-19 လူနာများ အထူးကြပ်မတ်ကုသနေရာများအဖြစ် ပြောင်းလဲအသုံးပြုရန် အစီအစဥ်ကို လေကြောင်းလိုင်းများ၊ လေဆိပ်များနဲ့ လေကြောင်းထိန်းသိမ်းရေး အဖွဲ့အစည်းတွေက ထောက်ခံထားတယ်လို့ အဆိုပါ စိတ်ကူးကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေတဲ့ ဗြိတိန်အခြေစိုက် အုပ်စုတစ်ခုက ဧပြီ ၆ ရက်နေ့မှာ ပြောပါတယ်။
Caircraft လို့ အမည်ပေးထားတဲ့ ထိုအုပ်စုက A380s နဲ့ A340s အမျိုးအစားကဲ့သို့ ကြီးမားတဲ့ ခရီးသည်တင်လေယာဥ်ကြီးတွေပေါ်မှာ အထူးကြပ်မတ်ကုသဆောင် ကုတင်များနဲ့ ဆေးဘက်ဆိုင်ရာကိရိယာများကို ခုနစ်ရက်မှ ဆယ်ရက်အတွင်း အပြီးတပ်ဆင်နိုင်ကြောင်း ယုံကြည်ထားပါတယ်။ ထိုလေယာဥ်ကြီးများပေါ်မှာ အရွယ်အစားပေါ်မူတည်ပြီး ကုတင် ၁၀၀ နဲ့ ၁၅၀ ကြား ပြင်ဆင်ထားရှိနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ Caircraft အုပ်စုက အစိုးရထံမှ ရန်ပုံငွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် စောင့်ဆိုင်းနေပါတယ်။ ယခု အစီအစဥ်ကို လေကြောင်းပျံသန်းမှုဆိုင်ရာ စီးပွားရေးပညာရှင် Chris Tarry က စွန့်ဦးတီထွင်သူ Nick Dyne၊ အောက်စ်ဖို့တက္ကသိုလ် Nuffield Department of Surgical Sciences မှ ဧည့်ပါမောက္ခ ခွဲစိတ်အထူးကု Jonathan Sackier နဲ့ အခြားသူများနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
၎င်းတို့အုပ်စုက အမေရိကန်၊ ကနေဒါ၊ ဂျာမနီနဲ့ မလေးရှား အစိုးရများနဲ့လည်း ယခုစိတ်ကူးကို ပြောဆိုဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ ယမန်နေ့ (ဧပြီ ၆ ရက်) ညပိုင်းအထိ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၁,၆၀၈ ဦးနဲ့ သေဆုံးသူ ၅,၃၇၃ ဦးအထိ မြင့်တက်ခဲ့ပြီး ပြန်လည်သက်သာသူ ၁၃၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။