ဗြိတိန်သန်းကြွယ်သူဌေး သေနတ်ဖြင့် ပစ်သတ်ထားပြီး ဇနီးဖြစ်သူကို တူဖြင့်ထုသတ်ထားပါတယ်။

လူငှားရမ်းပြီးသတ်ခိုင်းခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆထားတဲ့ လူသတ်မှုမှ အသတ်ခံခဲ့ရတဲ့ ဗြိတိန်သန်းကြွယ်သူဌေးနဲ့ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးတို့ရဲ့ အလောင်းတွေကို ၎င်းတို့အသတ်ခံရပြီး တစ်ပတ်နီးပါးအကြာမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။



ကားသစ်ဝယ်ယူစဉ်က တွေ့ရသည့် အလန်ဟော့ဂ်နှင့်ဇနီး (Photo: ViralPress)



အသတ်ခံခဲ့ရတဲ့ အသက် ၆၄ နှစ်အရွယ် အလန်ဟော့ဂ်နဲ့ ဇနီးဖြစ်သူ အသက် ၆၄ နှစ်အရွယ် နော့ဒ်ဆတ်ဒီယန်တို့ရဲ့ အလောင်းတွေကို ထိုင်းနိုင်ငံမြောက်ပိုင်း Phrae ဒေသရှိ ၎င်းတို့ရဲ့ နေအိမ်ခြံဝင်းထဲမှာ မြှုပ်နှံထားခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဗြိတိန်သန်းကြွယ်သူဌေး အလန်ဟော့ဂ်ကို သေနတ်ဖြင့် ပစ်သတ်ထားပြီး ၎င်းရဲ့ဇနီးကိုတော့ တူဖြင့်ထုသတ်ထားတယ်လို့ သိရပါတယ်။ ယခု လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။

မင်္ဂလာပွဲကျင်းပစဉ်က တွေ့ရသည့် အလန်ဟော့ဂ်နှင့်ဇနီး (Photo: ViralPress)



နော့ဒ်ဆတ်ဒီယန်ရဲ့ အကိုဖြစ်သူက ငွေပေးငှားရမ်းပြီး သတ်ခိုင်းခဲ့ခြင်း ဖြစ်တယ်လို့ ဖမ်းဆီးထားတဲ့ သံသယရှိသူ သုံးဦးက ပြောထားပါတယ်။ လူငှားပြီးသတ်ခိုင်းခဲ့တဲ့ နော့ဒ်ဆတ်ဒီယန်ရဲ့ အကိုဖြစ်သူကိုလည်း ဖမ်းဆီးထားခဲ့ပြီလို့ ဆိုပါတယ်။

"ဒီလို လူငှားပြီးသတ်ခိုင်းခဲ့တာက အတော်ကြာကြာ ဖြစ်နေခဲ့တဲ့ မိသားစုတွင်း ပဋိပက္ခ၊ ရန်ငြိုးတွေနဲ့ ပိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်" လို့ ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲက AFP သတင်းဌာနကို ပြောပါတယ်။

ငယ်စဉ်က တွေ့ရသည့် အလန်ဟော့ဂ်နှင့် ဇနီး (Photo: ViralPress)



လူငှားပြီးသတ်ခိုင်းတဲ့အတွက် ထိုင်းဘတ်ငွေ ၅၀,၀၀၀ (မြန်မာကျပ်ငွေ ၂၄ သိန်းဝန်းကျင်) ပေးခဲ့တယ်လို့ ဆိုပါတယ်။ အသတ်ခံရတဲ့ စုံတွဲရဲ့အလောင်းတွေကို ယနေ့ (စက်တင်ဘာ ၂၅ ရက်) မနက်ပိုင်းက ၎င်းတို့နေအိမ်ခြံဝင်းအတွင်း ခြောက်ပေခန့်အနက်ရှိတဲ့ တွင်းထဲမှာမြှုပ်နှံထားခဲ့တာ တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အလောင်းများကို ပြန်လည် တွေ့ရှိရသည့်နေရာ (Photo: Reuters)



အလန်ဟော့ဂ်နဲ့ဇနီးတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှစပြီး ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရွှေ့ပြောင်းလာခဲ့ကြပြီး ရေကူးကန်နဲ့ နွေရာသီစံအိမ်တစ်လုံးတို့ပါဝင်တဲ့ ခြံဝင်းကျယ် ဇိမ်ခံနေအိမ်ကြီးကို ဆောက်လုပ်နေထိုင်ခဲ့ကြပါတယ်။

ယခု လူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးကတော့ လူသိရှင်ကြား တရားဝင် မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က