ဟယ်ရီနဲ့မီဂန်တို့ဟာ တော်ဝင်ဂုဏ်ပုဒ်တွေကို စွန့်လွှတ်ပြီးနောက် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့က တော်ဝင်ဂုဏ်ပုဒ်နဲ့ အဆောင်အယောင်တွေကို စွန့်လွှတ်လိုက်ပြီဖြစ်ပြီး တော်ဝင်ထီးနန်း တာဝန်တွေအတွက် ပြည်သူ့ဘဏ္ဍာငွေများ ရရှိတော့မှာမဟုတ်ကြောင်း ဘက်ကင်ဟမ်းနန်းတော်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

(Photo: FoxNews)

ဟယ်ရီနဲ့မီဂန်တို့စုံတွဲဟာ ဗြိတိန်ဘုရင်မကြီးကို ကိုယ်စားပြုသူတွေအဖြစ်လည်း ရပ်တည်တော့မှာ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်နေ့မှာ တော်ဝင်မင်္ဂလာပွဲ ကျင်းပခဲ့ပြီးနောက် Sussex မြို့စားနဲ့ မြို့စားကတော် တော်ဝင်ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားခဲ့ကြတဲ့ ဟယ်ရီနဲ့မီဂန်တို့က ၎င်းတို့ရဲ့မိသားစုနေအိမ် Frogmore Cottage ကို ပြန်လည်ပြင်ဆင်မွမ်းမံရာမှာ ကုန်ကျစရိတ်အတွက် သုံးစွဲထားခဲ့တဲ့ ဗြိတိန်အခွန်ထမ်းပြည်သူတွေရဲ့ ဘဏ္ဍာငွေ ပေါင်စတာလင် ၂.၄ သန်းကို ပြန်လည်ပေးဆပ်သွားမယ်လို့ ဆိုပါတယ်။



(Photo: REX)

Frogmore Cottage နေအိမ်ဟာ ဟယ်ရီနဲ့မီဂန်တို့ရဲ့ ဗြိတိန် မိသားစုနေအိမ်အဖြစ် ဆက်လက်ရှိနေမှာဖြစ်ကြောင်း နန်းတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟယ်ရီနဲ့မီဂန်တို့ရဲ့ အနာဂတ်အစီအစဥ်နဲ့ ပတ်သက်ပြီး ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ် အပါအဝင် တော်ဝင်မိသားစုဝင်များ ဆွေးနွေးခဲ့ကြပြီးနောက် ၎င်းတို့နှစ်ဦးဟာ တော်ဝင်ဂုဏ်ပုဒ်နဲ့ အဆောင်အယောင်တွေကို စွန့်လွှတ်လိုက်ပြီလို့ ဘက်ကင်ဟမ်နန်းတော်က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

နန်းတော်ထုတ်ပြန်ချက်အရ ဟယ်ရီနဲ့မီဂန်တို့နဲ့ ပတ်သက်တဲ့ အစီအစဥ်သစ်တွေဟာ ယခုနှစ် နွေဦးရာသီ (မတ်လမှ မေလအထိ) အတွင်း စတင်သက်ရောက်မယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ တစ်နှစ်နီးပါးအရွယ် သားဦးလေး အာချီ (Archie) ရရှိထားပြီဖြစ်တဲ့ ဟယ်ရီနဲ့မီဂန်တို့ဟာ ဗြိတိန်ထီးနန်းရဲ့ တော်ဝင်ဂုဏ်ပုဒ်နဲ့ အဆောင်အယောင်တွေကို စွန့်လွှတ်ပြီးနောက် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်ပါပဲ။

သူတို့ဘဝရဲ့ အခန်းကဏ္ဍသစ်က ဘာဖြစ်နိုင်မလဲ?

ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ချက်အရ ဗြိတိန်ထီးနန်းနဲ့ တော်ဝင်မိသားစုကို အထောက်အပံ့ပြုမှုအတွက် ဟယ်ရီနဲ့မီဂန်စုံတွဲကို ကျေးဇူးတင်ကြောင်း၊ ၎င်းတို့ဘဝရဲ့ အခန်းကဏ္ဍသစ်ကို စတင်လိုက်ပြီလို့ ပြောထားပါတယ်။ နန်းတော်ထုတ်ပြန်ချက်အရ ဟယ်ရီနဲ့မီဂန်တို့ဟာ စစ်ဘက်ရာထူးများ အပါအဝင် တော်ဝင်ထီးနန်း တာဝန်ဝတ္တရားတွေကနေ နုတ်ထွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: WireImage)

ဟယ်ရီနဲ့မီဂန်တို့ဟာ ဘုရင်မကြီး ကောင်းချီးပေးထားတဲ့ ၎င်းတို့ရဲ့ကိုယ်ပိုင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အသင်းအဖွဲ့တွေကို ဆက်လက် စီမံဆောင်ရွက်မှာဖြစ်ပါတယ်။ ဟယ်ရီနဲ့မီဂန်တို့က လူမှုရေးရန်ပုံငွေအဖွဲ့အစည်း အသစ်တစ်ခုကို ဖွဲ့စည်းဆောင်ရွက်ရန် အစီအစဥ်ရှိကြောင်းလည်း အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ထိုအဖွဲ့အစည်းက မည်သည့်နေရာမှာ မည်သည့်ဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်ဆိုတာကိုတော့ ၎င်းတို့နှစ်ဦးက ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။ သို့သော် ဟယ်ရီနဲ့မီဂန်တို့ရဲ့ လူမှုအကျိုးပြုအဖွဲ့အစည်းဟာ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်ဆောင်ရွက်တာမျိုးဖြစ်မယ်လို့ မျှော်လင့်ရပြီး အမေရိကန်နဲ့ အာဖရိကကို အဓိကထားဖွယ်ရှိပါတယ်။

(Photo: Chris Jackson/Getty Images)

ဟယ်ရီနဲ့မီဂန်တို့ဟာ ပထမဆုံး တော်ဝင်စုံတွဲ နိုင်ငံရပ်ခြားခရီးစဥ်အဖြစ် ၂၀၁၉ ခုနှစ်အတွင်း သားလေးအာချီနဲ့အတူ တောင်အာဖရိကကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုခရီးစဥ်အတွင်း မီဂန်က တောင်အာဖရိကရဲ့ ဆင်းရဲနွမ်းပါးတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့စဥ်မှာ ဆယ်ကျော်သက်မိန်းကလေးတွေကို 'သူမကလည်း အသားမည်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မင်းတို့ရဲ့ အမပေါ့' လို့ ပြောခဲ့ဖူးပါတယ်။

ထို့အတူ မင်းသားဟယ်ရီကလည်း အာဖရိကတိုက်ကို ကမ္ဘာပေါ်က အခြားနေရာတွေထက် ပိုမိုနှစ်သက်ကြောင်း ပြောထားပါတယ်။ ဟယ်ရီနဲ့မီဂန်တို့ရဲ့ လူမှုအကျိုးပြုအဖွဲ့အစည်းဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ပိုင်ခွင့်တို့နဲ့ ပတ်သက်ပြီး ဆောင်ရွက်သွားနိုင်ဖွယ်ရှိပါတယ်။

သူတို့ရဲ့ ဘဝသစ်မှာ ငွေဘယ်လိုရှာမလဲ?

တော်ဝင်ဂုဏ်ပုဒ်နဲ့ အဆောင်အယောင်တွေကို စွန့်လွှတ်လိုက်ပြီးနောက် ဟယ်ရီနဲ့မီဂန်တို့ဟာ တော်ဝင်ထီးနန်းတာဝန်တွေ ထမ်းဆောင်မှုအတွက် ရရှိနေတဲ့ ဗြိတိန်အခွန်ထမ်းပြည်သူတွေရဲ့ ဘဏ္ဍာငွေကို ဆက်လက် ရရှိတော့မှာ မဟုတ်ပါဘူး။ ၎င်းတို့နှစ်ဦးက ငွေရေးကြေးရေးအတွက် လွတ်လပ်စွာရပ်တည်လာနိုင်ရေး အလုပ်လုပ်ရန် ရည်မှန်းထားတယ်လို့ ပြောထားပါတယ်။

တော်ဝင်မိသားစုဝင်တွေ ဘယ်လို ငွေရှာပြီး ဘယ်လို သုံးစွဲကြကြောင်း စာအုပ်တစ်အုပ်ရေးသားခဲ့တဲ့ စာရေးဆရာ ဒေးဗစ်မက်ကလူရီရဲ့ ပြောကြားမှုအရ တော်ဝင်မိသားစုဝင်တွေဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ငွေရှိထားကြပြီး အနာဂတ်မှာ ရုပ်မြင်သံကြားအစီအစဥ်ကနေ ငွေပိုရှာနိုင်မယ်လို့ ဆိုပါတယ်။ မီဂန်ဟာ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ Suits မှာ ပါဝင်မှုအတွက် အပိုင်းတစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ရရှိပါတယ်။

(Photo: Getty Images)

မီဂန်ဟာ မင်းသမီးအဖြစ် ရိုက်ကူးမှုတွေ မလုပ်တော့ပေမဲ့ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနဲ့ အစီအစဥ်များ ပြန်လည်ထုတ်လွှင့် ပြသချိန်တိုင်းမှာလည်း ဝင်ငွေအချို့ ရရှိနေပါတယ်။ တော်ဝင်ဂုဏ်ပုဒ်တွေ မစွန့်လွှတ်ခင်မှာတော့ Sussex မြို့စားနဲ့ မြို့စားကတော်အဖြစ် ဘုရင်မကြီးကို ကိုယ်စားပြုပြီး တော်ဝင်ထီးနန်းတာဝန်တွေ ထမ်းဆောင်မှုအတွက် ဟယ်ရီနဲ့မီဂန်တို့ရဲ့ နေထိုင်မှုကုန်ကျစရိတ်များ၊ ခရီးသွားလာမှု၊ အဝတ်အထည်ကဲ့သို့ အသုံးစရိတ်တွေကို ပြည်သူ့ဘဏ္ဍာငွေများမှ ရရှိနေတာဖြစ်ပါတယ်။

သမိုင်းပညာရှင်နဲ့ တော်ဝင်မိသားစုအကြောင်း စာရေးဆရာ ဟူဂိုဗစ်ကာစ်ကတော့ ဟယ်ရီနဲ့မီဂန်တို့စုံတွဲရဲ့ အစီအစဥ်တွေအပေါ် ဘဝင်မကျမိကြောင်း ပြောခဲ့ပါတယ်။ "သူတို့က သူတို့ အားလုံးကို လုပ်နိုင်ကြမယ်လို့ ထင်ကြတယ်၊ ဒါပေမဲ့ တစ်ကယ်လို့သာ သူတို့ ဂရုတစိုက်နဲ့ သတိမထားဘဲ နေထိုင်ကြမယ်ဆိုရင် သူတို့တွေ နည်းနည်း မှေးမှိန်သွားတဲ့ ဆယ်လီတွေအဖြစ် အဆုံးသတ်သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်" လို့ ဟူဂိုဗစ်ကာစ်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

သူတို့ ဘယ်မှာ အခြေချ နေထိုင်ကြမလဲ?

ဟယ်ရီနဲ့မီဂန်က ဗြိတိန်နဲ့ မြောက်အမေရိကမှာ တစ်လှည့်စီ နေထိုင်သွားရန် စီစဥ်ထားပါတယ်။ သို့သော် BBC သတင်းဌာနရဲ့ တော်ဝင်မိသားစုဆိုင်ရာ သတင်းထောက် နီကိုလက်စ် ဝစ်ချဲလ်ကတော့ "သူတို့က မြောက်အမေရိကမှာ အနေများပါလိမ့်မယ်" လို့ သုံးသပ်ခဲ့ပါတယ်။ ဟယ်ရီနဲ့မီဂန်တို့က သားဦးလေး အာချီ မမွေးဖွားမီ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ဘက်ရှိုင်းယားကောင်တီ ဝင်ဆာမြို့ရှိ Frogmore Cottage စံအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

(Photo: Sussex Royal via Getty Images)

ထိုအိမ်ကို ပြုပြင်မွမ်းမံစဥ်က ကုန်ကျစရိတ်အတွက် အသုံးပြုထားခဲ့တဲ့ ဗြိတိန်အခွန်ထမ်းပြည်သူတွေရဲ့ ဘဏ္ဍာငွေ ပေါင်စတာလင် ၂.၄ သန်းကို ဟယ်ရီနဲ့မီဂန်တို့က ပြန်လည်ပေးဆပ်သွားမယ်လို့ ဆိုပါတယ်။ Frogmore Cottage စံအိမ်ဟာ ၎င်းတို့ရဲ့ ဗြိတိန် မိသားစုနေအိမ်အဖြစ် ဆက်ရှိနေမှာပါ ဖြစ်ပါတယ်။ မီဂန်က အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ Suits မှာ ပါဝင်သရုပ်ဆောင်စဥ် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို သဘောကျသွားခဲ့ပါတယ်။

တိုရွန်တိုမှာ သူမရဲ့ သူငယ်ချင်းစုံတွဲဖြစ်တဲ့ ဂျက်စီကာနဲ့ ဘင်မူရိုနီတို့လည်း နေထိုင်ကြပြီး ၎င်းတို့က တိုရွန်တိုမြို့ရဲ့ ထင်ရှားကျော်ကြားမှုအရှိဆုံး စုံတွဲလည်းဖြစ်တယ်လို့ Toronto Life မဂ္ဂဇင်းက ဆိုပါတယ်။ ဟယ်ရီနဲ့မီဂန် မိသားစုက မီဂန်ရဲ့မွေးရပ်မြေ အမေရိကန်မှာလည်း တစ်လှည့်စီ နေထိုင်ကြဖွယ်ရှိနေပါတယ်။ မီဂန်ရဲ့မိခင် ဒိုရီယာရက်ဂ်လန်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်လျက်ရှိပါတယ်။ မက္ကစီကိုမှာရှိတဲ့ ဖခင်ဖြစ်သူ သောမတ်စ်မာကယ်လ်နဲ့တော့ မီဂန်က အဆက်အသွယ် သိပ်မရှိလှဘူးလို့ ဆိုပါတယ်။

တော်ဝင်ဂုဏ်ပုဒ်တွေ စွန့်လွှတ်လိုက်တဲ့ နောက်ကွယ်အကြောင်းတရားအချို့?

တော်ဝင်ဂုဏ်ပုဒ်နဲ့ အဆောင်အယောင်တွေကို စွန့်လွှတ်ရန်အတွက် လအတန်ကြာ အလေးအနက် စဥ်းစားခဲ့ကြပြီး မိသားစုတွင်း ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ဟယ်ရီနဲ့မီဂန်တို့က ပြောပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ITV က ထုတ်လွှင့်ပြသခဲ့တဲ့ အာဖရိကခရီးစဥ် မှတ်တမ်းရုပ်ရှင်တစ်ခုမှာ ၎င်းတို့စုံတွဲ့ရဲ့ သဘောထားကို အများပြည်သူ ရိပ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: EPA)

တော်ဝင်မိသားစုဝင် ဘဝဟာ ခက်ခဲကြောင်းနဲ့ သူမအနေနဲ့ မီဒီယာတွေက အလွတ်မပေးတမ်း လိုက်နေကြတဲ့ အခြေအနေအတွက် ကြိုတင်မပြင်ဆင်ခဲ့မိဘူးလို့ မီဂန်က ဖွင့်ဟခဲ့ပါတယ်။ လူပြိန်းကြိုက် အတင်းအဖျင်းသတင်းတွေက သူမရဲ့ဘဝကို ဖျက်ဆီးပစ်နိုင်ကြောင်း ဗြိတိသျှသူငယ်ချင်းတွေက သတိပေးခဲ့ဖူးတယ်လို့လည်း မီဂန်က ပြောခဲ့ပါတယ်။

မိခင်အသစ်တစ်ဦးအဖြစ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုတစ်ခုကို မီဂန်က "ကျွန်မ H (ဟယ်ရီကို သူမခေါ်တဲ့ အမည်) ကို ပြောခဲ့တာ ကြာပါပြီ၊ ရှင်သန်နေရုံနဲ့ မလုံလောက်ဘူး၊ ဒါက ဘဝရဲ့ အဓိကအချက် မဟုတ်ဘူး၊ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရမယ်" လို့ ပြောခဲ့ဖူးပါတယ်။ မင်းသားဟယ်ရီကလည်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ သူ့ဘဝရဲ့ ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းနေရတာနဲ့ ပတ်သက်ပြီး ပုံစံခွက်တစ်ခုပမာ ဖြစ်နေခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

(Photo: Terry Fincher/Getty Images)

ဟယ်ရီက ၁၉၉၇ ခုနှစ်မှာ ကားမတော်တဆမှုဖြစ်ပြီး ကွယ်လွန်ခဲ့တဲ့ မိခင်ဖြစ်သူ မင်းသမီးဒိုင်ယာနာကို ရည်ညွှန်းပြီးတော့လည်း သူတို့အဖြစ်ကို ပြောခဲ့ဖူးပါတယ်။ "ကျွန်တော့်အမေကို ကျွန်တော် ဆုံးရှုံးခဲ့ရတယ်၊ အခု ကျွန်တော့်ဇနီးလည်း အမေ့တုန်းကလိုပဲ တူညီတဲ့ ဩဇာလွှမ်းမိုးမှုကြီးတဲ့ အုပ်စုတွေရဲ့ သားကောင်ဖြစ်လာနေတာ ကျွန်တော် သတိထားမိတယ်" လို့ ဟယ်ရီက ဆိုပါတယ်။ "ကျွန်တော်ချစ်တဲ့ တစ်စုံတစ်ယောက်ကို တစ်ကယ့်လူတစ်ယောက်လို မဆက်ဆံတော့ဘဲ ဒါမှမဟုတ် မမြင်တော့ဘဲ ရောင်းကုန်ပစ္စည်းလုပ်လိုက်တဲ့အခါ ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် မြင်ခဲ့ပြီးပြီ" လို့လည်း မင်းသာဟယ်ရီက ဖွင့်ဟပြောခဲ့ပါတယ်။

(Photo: Getty Images)

ဟယ်ရီနဲ့မီဂန်တို့ရဲ့ အရေးပါတဲ့ ရက်စွဲအချို့

  • နိုဝင်ဘာ ၈၊ ၂၀၁၆ - ကင်စင်တန်နန်းတော်က မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်လ်တို့ ချစ်သူတွေဖြစ်နေကြကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး မီဒီယာတွေအနေနဲ့ သူတို့နှစ်ဦးရဲ့ အတွင်းရေးကိစ္စကို လေးစားကြရန် ပြောခဲ့ပါတယ်။
  • နိုဝင်ဘာ ၂၈၊ ၂၀၁၇ - တော်ဝင်မင်းသား ဟယ်ရီနဲ့ မီဂန်မာကယ်လ်တို့ စေ့စပ်လိုက်ပြီလို့ ကြေညာပါတယ်။
  • ဒီဇင်ဘာ ၁၅၊ ၂၀၁၇ - ကင်စင်တန်နန်းတော်က ဟယ်ရီနဲ့မီဂန်မာကယ်လ်တို့ မေ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ကြမယ်လို့ အတည်ပြုခဲ့ပါတယ်။
  • မေ ၁၉၊ ၂၀၁၈ - ဟယ်ရီနဲ့မီဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲကို စိန့်ဂျော့ဂျ်ဘုရားကျောင်းမှာ ကျင်းပခဲ့ပြီး ဧည့်ပရိသတ် ၆၀၀ တက်ရောက်ခဲ့ကြပါတယ်။ လက်ထပ်ပြီးနောက် ဟယ်ရီနဲ့မီဂန်တို့က Sussex မြို့စားနဲ့ မြို့စားကတော် ဖြစ်လာပါတယ်။
  • အောက်တိုဘာ ၁၅၊ ၂၀၁၈ - Sussex မြို့စားကတော် မီဂန်မာကယ်လ် ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် နွေဦးရာသီမှာ ကလေးမွေးဖွားမယ်လို့ ကင်စင်တန်နန်းတော်က ထုတ်ပြန်ကြေညာပါတယ်။
  • မေ ၆၊ ၂၀၁၉ - ဗြိတိန်ထီးနန်းကို ဆက်ခံမယ့်စာရင်းမှာ ခုနစ်ဦးမြောက်အဖြစ် ပါဝင်လာတဲ့ ဟယ်ရီနဲ့မီဂန်တို့ရဲ့ သားဦးလေး မွေးဖွားခဲ့ပါတယ်။
  • ဇန်နဝါရီ ၁၈၊ ၂၀၂၀ - ဟယ်ရီနဲ့မီဂန်တို့က တော်ဝင်ဂုဏ်ပုဒ်ကို စွန့်လွှတ်တော့မယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ကြေညာပါတယ်။

Ref: BBC, Daily Mail, AFP

Share

Loading Next Article...
က္က