ကမ္ဘာ့အသက်အကြီးဆုံးနဲ့ သက်ရှိထင်ရှား ထီးနန်းသက်အရှည်ဆုံးဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ ၉၃ နှစ်မြောက် မွေးနေ့ကို ဧပြီ ၂၁ ရက်နေ့က ဝင်ဆာရဲတိုက်မှာ ပြုလုပ်ခဲ့တဲ့ အီစတာဆန်းဒေး (Easter Sunday) ပွဲတော်ကို တက်ရောက်ရင်း ကျင်းပခဲ့ပါတယ်။
(Photo: Adam Gray/SWNS)
အဲလိဇဘက်သ် ဘုရင်မကြီးက စိန့်ဂျော့ဂျ်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အီစတာပွဲတော်သို့ မြေးတော်တွေဖြစ်ကြတဲ့ ဝီလျံနဲ့ ဟယ်ရီ၊ ဝီလျံရဲ့ကြင်ယာတော် ကက်သက်ရင်းတို့ အပါအဝင် တော်ဝင်မိသားစုဝင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ မင်းသားဟယ်ရီရဲ့ ကြင်ယာတော် မီဂန်မာကယ်လ်တော့ တက်ရောက်လာတာ မတွေ့ရပါဘူး။
(Photo: Andrew Parsons/i-Images)
မီဂန်မာကယ်လ်က ၎င်းတို့ဇနီးမောင်နှံရဲ့ ပထဆုံးရင်သွေးလေးကို မကြာမီ မွေးဖွားတော့မှာလည်း ဖြစ်ပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ဟာ ၁၉၂၆ ခုနှစ် ဧပြီ ၂၁ ရက်နေ့က လန်ဒန်မြို့မှာ မွေးဖွားခဲ့ပြီး သူမရဲ့အသက် ၂၅ နှစ်အရွယ် ၁၉၅၂ ခုနှစ်မှာ ဘုရင်မဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဗြိတိန်ဘုရင်မကြီရဲ့ ထီးနန်းသက်တမ်းဟာ ၆၇ နှစ်ရှိပြီဖြစ်ပြီး သက်ရှင်ထင်ရှားရှိနေဆဲ့ နန်းသက်အရှည်ဆုံး ဘုရင်မလည်း ဖြစ်ပါတယ်။
(Photo: Kelvin Bruce)
ဗြိတိန်ဘုရင်မကြီးဟာ နောက်ထပ် တရားဝင် မွေးနေ့တစ်နေ့ရှိသေးပြီး ဇွန်လအတွင်းမှာဖြစ်ပါတယ်။ ထိုနေ့မှာတော့ လန်ဒန်မြို့လယ်တစ်လျှောက် စစ်ရေးပြချီတက်ပွဲ အခမ်းအနားနဲ့အတူ အများပြည်သူ ပါဝင်ဆင်နွှဲကြတဲ့ ဘုရင်မကြီးရဲ့မွေးနေ့ကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။