လွှတ်တော်အမတ်နေရာ ၆၅၀ အတွက် ယှဥ်ပြိုင်ခဲ့ကြပါတယ်။

ဗြိတိန်အထွေထွေရွေးကောက်ပွဲ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ်နေရာအများစုအတွက် အနိုင်ရခဲ့ကြောင်း သိရပါတယ်။

(မဲပေးသူတွေကို ပြလုပ်ခဲ့တဲ့ စစ်တမ်းရလဒ်) (Graph: Daily Mail)

လွှတ်တော်အမတ်နေရာ ၆၅၀ အတွက် ယှဥ်ပြိုင်ခဲ့ရာမှာ လက်ရှိအချိန်အထိ မဲရလဒ်တွေအရ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၆၃ နေရာမှာ အနိုင်င်ရခဲ့ပြီး အဓိကပြိုင်ဘက် လေဘာပါတီက ၂၀၃ နေရာ အနိုင်ရခဲ့ပါတယ်။ ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) အထွေထွေရွေးကောက်ပွဲမှာ မဲရုံသို့လာရောက်မဲပေးခဲ့သူတွေကို ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ်နေရာ ၃၆၈ နေရာမှာ အနိုင်ရနိုင်တယ်လို့ ဆိုပါတယ်။



ဗြိတိန်ရွေးကောက်ပွဲမှာ အနိုင်ရရန်အတွက် အမတ်နေရာ ၃၂၆ နေရာ ရရှိရန်လိုအပ်ပါတယ်။ ယခု မဲရလဒ်တွေအရ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရရှိမှုနဲ့အတူ ဘောရစ်ဂျွန်ဆင်ဟာ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး Brexit အစီအစဥ်ကို ၎င်းရဲ့မူဝါဒအတိုင်း ဆက်လက် ဆောင်ရွက်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

(ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်) (Photo: AFP)

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှာ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန် ရည်မှန်းထားကြောင်းလည်း သိရပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး သဘောတူညီမှု ဥပဒေမူကြမ်းကို လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဗြိတိန်လွှတ်တော်သို့ တင်သွင်းမယ်လို့ ဆိုပါတယ်။

ကွန်ဆာဗေးတစ်ပါတီအတွက် ယခုရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာအများစု အနိုင်ရမှုဟာ ၁၉၈၇ ခုနှစ်က မာဂရက်သက်ချာ အနိုင်ရခဲ့မှုနောက်ပိုင်း အကြီးမားဆုံး ရွေးကောက်ပွဲအနိုင်ရမှုလည်း ဖြစ်လာခဲ့ပါတယ်။

(လေဘာပါတီခေါင်းဆောင် ဂျရီမီကော်ဘိုင်း) (Photo: Reuters)

ယခုရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၆၄ နေရာ၊ လေဘာပါတီက ၂၀၃ နေရာ၊ SNP ပါတီက ၄၈ နေရာ၊ Lib Dems ပါတီက ၁၂ နေရာ၊ Plaid Cymru ပါတီက လေးနေရာ၊ Greens ပါတီက တစ်နေရာနဲ့ Brexit ပါတီက အနိုင်ရမှုမရှိကြောင်း BBC သတင်းဌာနက ခန့်မှန်းထားပါတယ်။ လေဘာပါတီခေါင်းဆောင် ဂျရီမီကော်ဘိုင်းကတော့ အလွန်စိတ်ပျက်စရာညတစ်ည ဖြစ်ခဲ့ကြောင်းနဲ့ နောက်ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ ၂၀၀၁ မှ ၂၀၀၈ ခုနှစ်အထိ ဗြိတိန်လွှတ်တော် Henley မဲဆန္ဒနယ်ရဲ့ လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၅ ခုနှစ်မှစပြီး ဗြိတိန်အောက်လွှတ်တော်မှာ Uxbridge and South Ruislip မဲဆန္ဒနယ် လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီး ၂၀၀၈ မှ ၂၀၁၆ ခုနှစ်အထိ လန်ဒန်မြို့တော်ဝန်အဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

(ဘောရစ်ဂျွန်ဆင်နှင့် လက်တွဲဖော်အမျိုးသမီး ကာရီဆိုင်မွန်စ်) (Photo: EPA)

ဘောရစ်ဂျွန်ဆင်ဟာ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀-၂၁ ရက်မှာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးပါတယ်။ ထိုခရီးစဉ်ဟာ ငါးနှစ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန် နယူးယော့ခ်မြို့မှာ ချမ်းသာကြွယ်ဝတဲ့ ဗြိတိသျှမိဘတွေက မွေးဖွားခဲ့တဲ့ ဘောရစ်ဂျွန်ဆင်ဟာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ပြီး သားသမီး ၅ ဦး သို့မဟုတ် ၆ ဦး ရှိတယ်လို့ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ရဲ့ ယခုလက်ရှိ လက်တွဲဖော်အမျိုးသမီးကတော့ အသက် ၃၁ နှစ်အရွယ် ကာရီဆိုင်မွန်စ် ဖြစ်ပါတယ်။

Share

Loading Next Article...
က္က