ဒီနေ့ တစ်ရက်တည်း ဖွင့်ထားတာပါ။

ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေထိုင်ခဲ့တဲ့ ပဲခူးဆောင် အခန်းနံပတ် ၁၁၃ ကို ကျောင်းသားကျောင်းသူတွေ လာရောက်လေ့လာဖို့အတွက် ဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရှိခဲ့စဉ်က အမှတ်တရရှားပါး ပုံရိပ်ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကိုလည်း ချိတ်ဆွဲထားသလို လာရောက်တဲ့ သူတွေကို ပဲပြုတ်နံပြား အခမဲ့ကျွေးမွေးတဲ့ အစီအစဉ်တွေ လုပ်ပေးထားတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မင်းသန့်မောင်မောင်က ပြောပါတယ်။

“ ဗိုလ်ချုပ်အခန်းကို လုံခြုံရေးအခြေအနေအရ ကျောင်းသားကျောင်းသူတွေကိုပဲ ကျောင်းသားကတ်ပြပြီး ဝင်ခွင့်ပြုထားပါတယ်။ ဘယ်တက္ကသိုလ်က ကျောင်းသားမဆို ဝင်ခွင့်ပြုပါတယ်။ ကျန်တဲ့သူတွေကို တော့ အဆောင်ရဲ့ အပြင်ဘက်မှာပဲ ဗိုလ်ချုပ်ရုပ်ပုံတွေကို ကြည့်ရှုခွင့်ပေးထားပါတယ်” လို့ မင်းသန့်မောင်မောင်က ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့တဲ့ အခန်းနံပါတ် ၁၁၃ မှာ ကုတင်၊စာကြည့်စားပွဲ၊သေတ္တာ၊ ထီးတို့ကို ဗိုလ်ချုပ်ရှိနေစဉ်ကအတိုင်းပြသထားရှိပေးထားပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၃၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ဖူးပြီး ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဌနဲ့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်နေစဉ် (HELL HOUND AT LARGE) ငရဲခွေးကြီးလွတ်နေသည် ဆောင်းပါးကြောင့် ကျောင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က