ရိုက်ကူးရက်တော့ အတည်မပြုရသေးပါဘူး။

ဇာတ်ညွှန်းပိုင်းဆိုင်ရာကိစ္စရပ်တွေက ပြီးပြည့်စုံသလောက်ရှိနေပြီး အဝတ်အစားနဲ့ ပစ္စည်းစုဆောင်းမှုတွေလည်းစတင်နေပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန် ရှိသူတွေအနေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းထားတဲ့ အနေအထားအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်မှာစတင်ရိုက်ကူးဖို့အတွက်ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းကပြောပါတယ်။



ဇူလိုင်လ(၁၈)ရက်နေ့က ရန်ကုန်မြို့ ကမ္ဘောဇရိပ်သာမှာ ကျင်းပပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းကော်မတီ ဒသမအကြိမ်အစည်းအဝေးမှာ အဖွင့်အမှာစကားပြော ကြားရင်းထည့်သွင်းပြော ကြားခဲ့တာပါ။

"တကယ်တော့ လုပ်ငန်းတစ်ခုပြီးမြောက်ဖို့အတွက်မှာ ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ကြရတဲ့အနေအထားမှာ စဉ်းစားဆုံးဖြတ်ဆောင်ရွက် ဆိုတဲ့ လုပ်ငန်းစဉ်အရ ကျွန်တော်တို့ဟာ နှစ်နဲ့ချီပြီး အကြိမ်ကြိမ်ဒေါင့်စေ့အောင် စဉ်းစားပြီးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အခုချိန်က ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ခြင်းလုပ်ငန်းကို တပြိုင်နက်တည်း လှုပ်ရှားရမယ့်အချိန်ဖြစ်နေပါပြီ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးကိုတော့ ညှိနှိုင်းထားတဲ့အနေအထားအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးဖို့အတွက်ကို သန္ဓိဌာန် ချမှတ်ဆောင်ရွက်လျှက်ရှိတယ်။"လို့ ဒုတိယဝန်ကြီးဦးကြည်မင်းက ပြောကြားခဲ့ပါတယ်။

ဇာတ်ညွှန်းပိုင်းဆိုင်ရာကိစ္စရပ်တွေက ပြီးပြည့်စုံသလောက်ရှိနေပြီး ဇာတ်ညွှန်းကိုအခြေပြုတဲ့ ဝတ်စားဆင်ယင်မှုကိစ္စတွေမှာလည်း အသက်ဝင်လာသလို ပစ္စည်းစုဆောင်းမှုတွေကိုလည်းစတင်နေပြီလို့ ဦးကြည်မင်းကပြောပါတယ်။ သရုပ်ဆောင်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း အပြီးသတ်စိစစ်ရွေးချယ်သတ်မှတ်ဖို့ အချိန်တန်နေပြီလို့လည်း ဒုတိယဝန်ကြီးက ကော်မတီဝင်တွေကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က