ပြည်သူတွေအနေနဲ့ ဗိုလ်ချုပ်ပုံပါ (၁၀၀၀)ကျပ်တန် ငွေစက္ကူများကိုတော့ လက်ရှိမှာ မြန်မာ့ စီးပွားရေး ဘဏ်တွေမှာ လဲလှယ်အသုံးပြုလို့ရနိုင်ပြီဖြစ်သလို လက်ရှိသုံးစွဲနေတဲ့ (၁၀၀၀)တန်ငွေစက္ကူတွေကလည်း တရားဝင်အဖြစ် အသုံးပြုလို့ရနေဦးမှာပါ။
photo- Nyein Nway
လွတ်လပ်ရေးနေ့က စတင်ထွက်ရှိလာတဲ့ ဗိုလ်ချုပ်ပုံပါ (၁၀၀၀)ကျပ်တန် ငွေစက္ကူများ ကို ဒီကနေ့ ဇန်နဝါရီလ (၇)ရက်နေ့ကစပြီး ပြည်သူလူထုကြားမှာ စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်ပုံပါ ပိုက်ဆံကို စတင်ထုတ်ဝေခဲ့တဲ့ လွတ်လပ်ရေးနေ့ ဇန်နဝါရီလ (၄)ရက်နေ့ကတည်းကစပြီး ပြည်သူလူထုလက်ထဲကို လဲလှယ်ခွင့်ပြုမယ်ဆိုပြီး ဗဟိုဘဏ်က ကနဦးကြေညာထားပေမယ့်လည်း ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေခဲ့တာကြောင့် ဒီကနေ့ ဇန်နဝါရီလ (၇)ရက်နေ့မှသာ လဲလှယ် အသုံးပြုခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူက အရောင်အားဖြင့် အပြာရောင်ဖြစ်ပြီး အရွယ်အစားမှာ အလျား (၁၅၀)မီလီမီတာနဲ့ အနံ (၇၀)မီလီမီတာ ရှိပါတယ်။ ငွေစက္ကူ ပုံစံသစ်ရဲ့ မျက်နှာစာဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိပြီး ကျောဘက်မှာတော့ လွှတ်တော် အဆောက်အအုံပုံပါရှိတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
photo- Thu Ya
အမြင်အာရုံ အားနည်းတဲ့သူတွေအတွက်လည်းအဆင်ပြေအောင် လက်ဖြင့် ထိတွေ့ရင်သိရှိနိုင်ရန်အတွက် ဖောင်းကြွလိုင်းတိုမျဉ်းကြောင်းငယ်(၁၁)ကြောင်းကိုလည်း ငွေစက္ကူမှာ ရိုက်နှိပ်ထားတာလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်ငွေစက္ကူ ပုံစံသစ်ကိုတော့ ဒီနေ့ကစပြီး ဘဏ်များမှာ ဖြန့်ဝေပေးလျှက်ရှိပြီး လက်ရှိသုံးစွဲနေသော (၁၀၀၀)တန် ငွေစက္ကူများကလည်း တရားဝင်ငွေအဖြစ် ဆက်လက်ရပ်တည်နေမှာလည်းဖြစ်ပါတယ်။