ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံရိုက်နှိပ်ထားတဲ့ တစ်ထောင်ကျပ်တန်ငွေစက္ကူတွေကို နိုင်ငံတော်အစိုးရက ဒီကနေ့ (ဇန်နဝါရီလ ၇ ရက်နေ့) မှာ အများပြည်သူကိုင်ဆောင်သုံးစွဲ လို့ရအောင် လဲလှယ်ပေးခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း မြန်မာ့စီးပွားရေးဘဏ်တွေမှာ လဲလှယ်ပေးနေတာဖြစ်ပြီး မန္တလေးလူထုဟာ ဘဏ်ဖွင့်ချိန်မတိုင်ခင်ကတည်းက ဘဏ်ရှေ့မှာ လာရောက် စုဝေးနေကြကြောင်း မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ် (၁) မန်နေဂျာ ဦးမျိုးထက်အောင် က Duwun ကို ပြောပါတယ်။
"ပုံမှန် ဘဏ်ဖွင့်ချိန်က ၉နာရီခွဲလေ။ ဒါပေမယ့် ၉နာရီကတည်းက လူတွေက ဘဏ်ရှေ့မှာ တန်းစီနေကြတယ်။ ဘဏ်လုပ်ငန်းချိန်မှာ တခြား ဘဏ်လုပ်ငန်းတွေလည်း မနှောင့်နှေးရအောင် ၉နာရီ ၁၅ လောက်ကတည်းက ဘဏ်တံခါးဖွင်ပေးလိုက်တယ်။ ပြီးတော့ လဲတဲ့သူတွေ အဆင်ပြေအောင် တန်းစီခိုင်းလိုက်တယ်။ ငွေလဲ ငွေထုတ်မှုအပိုင်းမှာ စနစ်တကျလေးဖြစ်အောင် တန်းစီခိုင်းထားတာပါ။ ဒီအပေါ်မှာ ပြည်သူလူထုကလည်း စနစ်တကျလိုက်နာတဲ့အတွက် ဝမ်းသာပါတယ်။"
မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွေမှာ ဘဏ်ရဲ့ အခြေအနေပေါ် မူတည်ပြီး လူတစ်ယောက်ကို ၁ ရွက်နှုန်း၊ ၅ ရွက်နှုန်းအစရှိသဖြင့် လဲလှယ်ထုတ်ပေးနေပါတယ်။ ငွေစက္ကူလဲလှယ်လိုတဲ့သူတွေအနေနဲ့ မှတ်ပုံတင်အထောက်အထားတော့ ပြဖို့ လိုကြောင်း ဦးမျိုးထက်အောင်က ဆက်ပြောပါတယ်။
"ဒီငွေစက္ကူလဲဖို့က ဘယ်လိုကန့်သတ်ချက်မှ မရှိပါဘူး။ ကိုယ့်ပြည်သူတွေပဲလေ။ ဗိုလ်ချုပ်ရုပ်ကို တန်ဖိုးထားမြတ်နိုးလို့ လဲကြတာ၊ ဖြစ်နိုင်ရင်တော့ လူတိုင်းကို များများစားစားပေးချင်တာပေါ့။ ဒါပေမယ့် တစ်ယောက်တည်းနဲ့ အများကြီးမရသွားအောင် ၊ တစ်ယောက်တည်းက ထပ်ခါတလဲလဲ တန်းစီနေတာမျိုးမဖြစ်ရအောင် အထောက်အထားအနေနဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ လဲပေးတဲ့ အရွက်ရေ၊ အဲဒါလေးတွေ ယူထားပါတယ်။ ဒါတွေအားလုံးကလည်း ဗဟိုဘဏ်ကို လဲပေးတဲ့ အရွက်အရေအတွက် ၊ လဲပေးတဲ့ လူဥ◌ီးရေ တင်ပြရမှာပါ။"
လူထုကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူကို လဲလှယ်ဖို့ တက်ကြွပျော်ရွှင်နေကြပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း အဆိုပါ ငွေစက္ကူဓာတ်ပုံတွေကို အမြောက်အမြားတင်နေကြတာကို တွေ့ရပါတယ်။