ထိရောက်ပြင်းထန်တဲ့ စီမံဆောင်ရွက်ချက်တွေ တိုးမြှင့်လုပ်ဆောင်ကြရန် WHO က တိုက်တွန်းထားပါတယ်။

အလျင်အမြန် ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေး အရှေ့တောင်အာရှမှာ ထိရောက်ပြင်းထန်တဲ့ စီမံဆောင်ရွက်ချက်တွေ တိုးမြှင့်လုပ်ဆောင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၇ နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)

နိုင်ငံအချို့မှာ လူထုကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေကို ဦးတည်နေခဲ့တယ်လို့လည်း WHO က သတိပေးခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အရှေ့တောင်အာရှမှာ ဗိုင်းရပ်စ်ကူးစက်မှု သိသာစွာ မြင့်တက်လာခဲ့ပြီး ဒေသတွင်းနိုင်ငံတွေဟာ နိုင်ငံခြားသားဝင်ရောက်မှု ပိတ်ပင်ခြင်းမှ ညမထွက်အမိန့်ထုတ်ခြင်း၊ ကျောင်းများပိတ်ခြင်းနဲ့ အားကစားပြိုင်ပွဲများ ဖျက်သိမ်းတို့အထိ လုပ်ဆောင်နေကြရပါတယ်။



အရှေ့တောင်အာရှ နိုင်ငံအများအပြားမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုအားနည်းခြင်းက ရောဂါကူးစက်ဖြစ်ပွားမှုကြီးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ "နောက်ထပ် ပိုများတဲ့လူတွေကို ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ဖို့ အားထုတ်ဆောင်ရွက်မှုတွေ ချက်ချင်း တိုးမြှင့်ဖို့ လိုအပ်ပါတယ်" လို့ WHO ဒေသဆိုင်ရာညွှန်ကြားရေးမှူး Poonam Khetrapal Singh က ပြောပါတယ်။

(Photo: Getty Images)

"နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေ တွေ့ရှိအတည်ပြုထားပါတယ်၊ ဒါက နောက်ထပ် COVID-19 ကူးစက်ပျံ့နှံမှုကို ဟန့်တားဖို့အတွက် ပိုမိုပြင်းထန်ပြီး လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အားထုတ်မှုတွေ လိုအပ်တယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပါပဲ၊ ကျွန်မတို့ အဆောတလျင်နဲ့ ပိုမိုလုပ်ဆောင်ကြဖို့ လိုအပ်နေတာ ရှင်းပါတယ်" လို့ Poonam Khetrapal Singh က ဆိုပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေအနက် မတ်လ ၁၈ ရက် မနက်ပိုင်းအထိ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇၃ ဦး စစ်ဆေးတွေ့ရှိထားပြီး အများဆုံးဖြစ်ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ မလေးရှားမှာ COVID-19 ကူးစက်မှုအများအပြားဟာ ဖေဖေါ်ဝါရီ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ကွာလမ်လမ်ပူမြို့စွန် Sri Petaling မြို့ရှိ ဗလီတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေး စုဝေးပွဲနဲ့ ဆက်နွယ်နေပါတယ်။ ထိုဘာသာရေးပွဲကို လူဦးရေ ၁၆,၀၀၀ မှ ၂၀,၀၀၀ နီးပါးအထိ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

(Photo: Reuters)

အရှေ့တောင်အာရှနိုင်ငံတွေအနက် ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘရူနိုင်းတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိထားပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းမှာ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ အရှေ့တောင်အာရှဒေသတွင်း မြန်မာနဲ့ လာအို နိုင်ငံတွေမှာတော့ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိရသေးပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၈ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၈,၃၄၈ ဦးနဲ့ သေဆုံးသူ ၇,၉၇၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Source: AFP

Share

Loading Next Article...
က္က