မြန်နှုန်းမြင့်ရထားတွေနဲ့ ကူးတို့သင်္ဘော ခရီးစဥ်တွေကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ဟန့်တားနိုင်ရန် တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်မြို့ကြား နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု ယာယီ ကန့်သတ်ပိတ်ပင်ထားမယ့် အစီအစဥ်ကို ဟောင်ကောင်အာဏာပိုင်တွေက ထုတ်ပြန်ကြေညာပါတယ်။

(Photo: AP)

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က တရုတ်ပြည်မကြီးသို့ နယ်စပ်ဖြတ်ကျော်သွားလာနေတဲ့ မြန်နှုန်းမြင့်ရထားတွေနဲ့ ကူးတို့သင်္ဘော ခရီးစဥ်တွေကို ကြာသပတေးနေ့ (ဇန်နဝါရီ ၃၀ ရက်) မှစပြီး ယာယီ ရပ်ဆိုင်းထားမယ်လို့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ဟန့်တားရန်ဆောင်ရွက်မှုအဖြစ် တရုတ်ပြည်မကြီးနဲ့ကြား ခရီးသွားလာမှုတွေကို ဟောင်ကောင်က ကန့်သတ်ပိတ်ပင်လာခဲ့တာ ဖြစ်ပါတယ်။



ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးသို့ ပျံသန်းနေတဲ့ လေယာဥ်ခရီးစဥ်အရေအတွက်ကိုလည်း ထက်ဝက်လျှော့ချသွားမှာဖြစ်ပြီး တရုတ်ပြည်မကြီးမှ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ဟောင်ကောင်သို့လာရောက်ခွင့်ကိုလည်း ပိတ်ပင်ထားမယ်လို့ ကာရီလမ်က ပြောပါတယ်။ ဟောင်ကောင်မှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ရှစ်ဦး စစ်ဆေးတွေ့ရှိထားပါတယ်။ ၎င်းတို့အနက် ခြောက်ဦးဟာ တရုတ်ပြည်မကြီးသို့ ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့် ရထားလမ်းခရီးမှတစ်ဆင့် ဟောင်ကောင်သို့လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: AFP)

အစောပိုင်းမှာ ဟောင်ကောင်အာဏာပိုင်တွေက တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်မှ လာရောက်သူတွေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုရှိတဲ့ တရုတ်ပြည်မကြီးရှိ နေရာတွေကို ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း သွားရောက်ခဲ့ဖူးသူများအား တနင်္လာနေ့ (ဇန်နဝါရီ ၂၇ ရက်) မှစပြီး ဟောင်ကောင်သို့ ဝင်ခွင့်မပေးကြောင်း ကြေညာထားခဲ့ပါတယ်။

သို့သော် နိုင်ငံရေးသမားအချို့နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက တရုတ်ပြည်မကြီးနဲ့ နယ်စပ်ကို လုံးဝပိတ်ပင်ထားရန် တိုက်တွန်းပြောဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။ "ဗိုင်းရပ်စ်က တရုတ်ပြည်နယ် အများကြီးကို ကူးစက်ပျံ့နှံ့သွားခဲ့တာပါ၊ ဟူဘေးကနေ လာရောက်သူတွေကိုသာ ပိတ်ပင်ထားတာက ဟောင်ကောင်ကို အများကြီး အကူအညီ မဖြစ်နိုင်ပါဘူး" လို့ ဒီမိုကရေစီ လိုလားတဲ့ ဟောင်ကောင်လွှတ်တော်အမတ် Helena Wong က ယမန်နေ့မှာ ပြောပါတယ်။

"ဗိုင်းရပ်စ်က တရုတ်ပြည်နယ် အများကြီးကို ကူးစက်ပျံ့နှံ့သွားခဲ့တာပါ၊ ဟူဘေးကနေ လာရောက်သူတွေကိုသာ ပိတ်ပင်ထားတာက ဟောင်ကောင်ကို အများကြီး အကူအညီ မဖြစ်နိုင်ပါဘူး"

ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အများပြည်သူ သွားလာရာနေရာတွေဖြစ်တဲ့ အားကစားခန်းမတွေကနေ အပျော်ခရီးထွက် စခန်းချနေရာများအထိကိုလည်း ပိတ်ပင်ထားမယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဟောင်ကောင်ရှိ အပန်းဖြေနေရာအားလုံးကို ယနေ့ (ဇန်နဝါရီ ၂၉ ရက်) မှစပြီး ယာယီပိတ်ထားမယ်လို့လည်း သိရပါတယ်။

တရုတ်မှာစတင်တွေ့ရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို ဟောင်ကောင်မှာ အများပြည်သူ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ လူတွေကို ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ယနေ့အထိ တရုတ်ပြည်မကြီးမှာ လူ ၁၃၂ ဦး သေဆုံးပြီး လူ ၅,၉၇၄ ဦးမှာ ကူးစက်ခံထားရပါတယ်။

(Photo: Reuters)

တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၆,၀၆၇ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့ ညနေပိုင်းအထိ ထိုင်းမှာ ၁၄ ဦး၊ စင်ကာပူမှာ ၁၀ ဦး၊ ဟောင်ကောင်မှာ ၈ ဦး၊ ထိုင်ဝမ်မှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ မလေးရှားမှာ ၇ ဦး၊ ဂျပန်မှာ ၇ ဦး၊ ဩစတြေးလျမှာ ၆ ဦး၊ အမေရိကန်မှာ ၅ ဦး၊ တောင်ကိုရီးယားမှာ ၄ ဦး၊ ပြင်သစ်မှာ ၄ ဦး၊ ဂျာမနီမှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

WHO က ယခုဗိုင်းရပ်စ်ကို Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။

Source: Reuters, CNA


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က