စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ နှစ်စဉ်ကျင်းပနေကျ ဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းနည်းပညာပြပွဲ MWC 2020 မှာ ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ချို့ တက်ရောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။
နှစ်စဉ် တက်ရောက်သူပေါင်း ၁ သိန်းကျော်တဲ့ ဒီနှစ် MWC ပွဲမှာ တောင်ကိုရီးယားမှ LG နဲ့ တရုတ်မှ ZTE တို့ တက်ဖြစ်မှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။အခုတစ်ခါမှာတော့ ကမ္ဘာကျော် e-Commerce ကုမ္ပဏီကြီး Amazon လည်း Mobile World Congress ပွဲ တက်တော့မှာ ဟုတ်ဘူး Reuters သတင်းက ဆိုပါတယ်။
Photo: Reuters India
"ကိုရိုနာဗိုင်းရပ်သစ် ပျံ့နှံ့နေတာနဲ့ စိုးရိမ်စရာတွေဖြစ်နေတာကြောင့် Amazon ဟာ ၂၀၂၀ Mobile World Congress ပွဲမှာ ပါဝင် ပြသမှု ရုပ်သိမ်းဖို့ ရှိပါတယ်။" လို့ တနင်္ဂနွေနေ့က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ MWC 2020 ပွဲ တက်ဖြစ်မှာ မဟုတ်တော့တဲ့ ကုမ္ပဏီတွေအနေနဲ့ Samsung ၊ ဆွီဒင်မှ Ericsson နဲ့ အမေရိကန် ချပ်စ်ကုမ္ပဏီ Nvidia တို့လည်း ပါဝင်ထားပါတယ်။ ဒီနည်းပညာကုမ္ပဏီအားလုံးဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် MWC 2020 မှာ လာရောက်မယ့် အစီအစဉ်တွေကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဟာ ဇန်နဝါရီလဆန်းပိုင်းက စပြီး တရုတ်နိုင်ငံမှ တစ်ဆင့် ကမ္ဘာ့နိုင်ငံများဆီ ကူးစက်လာတာပါ။ WHO ဟာ 2019-nCoV နာမည်နဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေ တစ်ရပ်အဖြစ် ကြေညာထားပြီး လက်ရှိမှာ ကူးစက်ခံရသူ ၃၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၈၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
Photo: RFI
ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ဒီဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားမယ့် MWC 2020 ပွဲဟာ ကျန်းမာရေးအကာအကွယ် အစီအစဉ်များလည်း စီမံနေကြပါတယ်။ MWC 2020 ပွဲမှာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က လာတဲ့ ဧည့်သည်တွေကို ဝင်ခွင့် ပြုမှာ မဟုတ်သလို ပွဲလာမယ့် တရုတ်နိုင်ငံသားတွေကိုလည်း ပွဲမတိုင်ခင် ၂ ပတ်အတွင်း တရုတ်နိုင်ငံ ပြင်ပမှာ ရှိနေရမယ်လို့ ကန့်သတ်ထားပါတယ်။
iPhone တွေ ထုတ်လုပ်နေတဲ့ Apple ကလည်း တရုတ်ပြည်မကြီးမှာ ရှိတဲ့ Apple Store အားလုံး ယာယီ ပိတ်ချထားသလို ရုံးခန်းနဲ့ ဆက်သွယ်ရေးစင်တာတွေကိုလည်း ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ပိတ်ထားပါတယ်ယ်Google ကလည်း တရုတ်ပြည်မကြီး ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာ ရှိတဲ့ ရုံးအားလုံး ယာယီ ပိတ်ထားရပါတယ်။