အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ဥရောပသားတစ်ဦး ပထမဆုံး သေဆုံးမှုအဖြစ် အီတလီမှာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ ထိုနိုင်ငံအတွင်းရှိ မြို့များကို အဝင်အထွက် ပိတ်ပင်ထားကြောင်း သိရပါတယ်။
(ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သည့် ပထမဆုံး ဥရောပသား Adriano Trevisan) (Photo: Vanessa Trevisan)
COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်လာမှုကြောင့် အီတလီနိုင်ငံအတွင်းရှိ မြို့ ၁၀ မြို့ကို အဝင်အထွက် ပိတ်ပင်လိုက်ပြီးနောက် နာရီပိုင်းအကြာ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ဗီနီတိုဒေသမှာ နေထိုင်တဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားဟာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
၎င်းဟာ လွန်ခဲ့တဲ့ ၁၀ ရက်က COVID-19 ဗိုင်းရပ်စ်နဲ့ဆက်နွယ်ခြင်းမရှိတဲ့ ကျန်းမာရေးကိစ္စဖြင့် ထိုဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေခဲ့ကြောင်း အီတလီကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ Adriano Trevisan အမည်ရှိ သေဆုံးသွားတဲ့ အမျိုးသားဟာ ပန်းရန်သမားဟောင်းဖြစ်ပြီး ဗီနီတိုဒေသမှာတွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်သူနှစ်ဦးအနက်မှ ဖြစ်ပါတယ်။
(Photo: AFP)
ထိုအတောအတွင်း Lombardy ဒေသမှာလည်း ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၁၅ ဦး တွေ့ရှိခဲ့ရပြီး ဗိုင်းရပ်စ်ကူးစက်ရာနေရာတွေကို ချက်ချင်း ပိတ်ပင်လိုက်ပါတယ်။ အီတလီသတင်းဌာန ANSA က ဖော်ပြမှုအရ ယနေ့ (ဖေဖေါ်ဝါရီ ၂၂ ရက်) မှာ မီလန်မြို့ရဲ့ Lombardy ဒေသရှိ အမျိုးသမီးတစ်ဦးဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၂ ရက် ညပိုင်းအထိ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀ ဦး စစ်ဆေးတွေ့ရှိထားပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ ယနေ့ သိရှိရတဲ့ စာရင်းအချက်အလက်တွေအရ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုဟာ တရုတ်ပြည်မကြီးမှာ လျော့ကျသွားခဲ့ပြီး တောင်ကိုရီးယား၊ အီရန်နဲ့ အီတလီ အပါအဝင် တရုတ်ပြည်မကြီးပြင်ပ နေရာတွေမှာ ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။
(Photo: EPA)
တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သိသာစွာ မြင့်တက်လာခဲ့ပြီး ဖေဖေါ်ဝါရီ ၂၂ ရက် ညပိုင်းအထိ ၄၃၃ ဦး စစ်ဆေးတွေ့ရှိထားကာ ၂ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ အီရန်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈ ဦးရှိလာပြီး ၅ ဦးအထိ သေဆုံးမှုရှိလာပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က 'နိုင်ငံတကာသို့ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အခွင့်အရေး နည်းပါးလာနေပြီဖြစ်ကြောင်းနဲ့ ထိန်းချုပ်ရေးကို အလျင်အမြန် လုပ်ဆောင်ရန်လိုအပ်ကြောင်း' သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
(Photo: EPA)
ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ အာဖရိကဒေသမှာ COVID-19 ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားနိုင်တဲ့ အခြေအနေကိုလည်း WHO အကြီးအကဲက ယနေ့ သတိပေးခဲ့ကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ဖေဖေါ်ဝါရီ ၂၂ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၃၄၅ ဦး၊ အီရန်မှာ ၅ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ အီတလီတို့မှာ ၂ ဦးစီ၊ ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်ဝမ်နဲ့ ပြင်သစ်တို့မှာ ၁ ဦးစီ သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်း စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၃၆၂ ဦးအထိ မြင့်တက်လာပါတယ်။
(Photo: EPA)
ဖေဖေါ်ဝါရီ ၂၂ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၆,၀၈၂ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၇,၆၉၁ ဦး စစ်ဆေးတွေ့ရှိထားပြီး ၎င်းတို့အနက် ၂၁,၂၅၀ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။
Source: AFP
Share