ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ရှောင်ရှားဖို့ စက်ရုပ်နဲ့ အစားအစာ ပို့ဆောင်တဲ့ စနစ်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင့်သုံးလာပါတယ်။
Little Peanut လို့ နာမည်ပေးထားတဲ့ စက်ရုပ်ဟာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားတယ်လို့ သံသယရှိရတဲ့ လူနာတွေကို ထိန်းသိမ်းထားတဲ့ ဟိုတယ်ကို အစားအသောက် လိုက်ပို့နေတာပါ။ တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့က The Party School of CPC Hangzhou Committee ဟိုတယ်မှာ စင်ကာပူ-ဟန်ကျိုး လေယာဉ်ပေါ်က ခရီးသည်တွေကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့က ခရီးသည် ၃၃၅ ဦးပါတဲ့ ဒီလေယာဉ်ပေါ်မှာ ကိုယ်ပူချိန် မြင့်တက်နေတဲ့ ခရီးသည် ၂ ဦးကို တွေ့ရှိခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ကိုယ်ပူချိန် မြင့်နေတဲ့ ခရီးသည် ၂ ဦးကို ဟန်ကျိုး First People's ဆေးရုံပို့ဆောင်ခဲ့ပါတယ်။ ဝူဟန်နယ်သား ခရီးသည် ၁၁၄ ဦးကိုတော့ လေဆိပ်ဟိုတယ်မှာ ထိန်းသိမ်းထားပြီး ကျန်ခရီးသည် ၂၀၀ ကျော်ကို The Party School of CPC Hangzhou Committee ဟိုတယ်မှာ ထားရှိထားတာပါ။
ဗိုင်းရပ်စ်ကူးစက်မှုကနေ ရှောင်ရှားဖို့ လူအစား Little Peanut စက်ရုပ်၁၆ ရုပ်ဟာ အထပ်တိုင်းက အခန်းပေါက်စေ့ လိုက်ပြီး ဟိုတယ်ထဲမှာ ရှိတဲ့ လူတွေကို အစားအသောက် လိုက်ပို့နေတာပါ။ အစားအသောက် လက်ခံသူတွေအနေနဲ့ လိုအပ်တာတွေကို WeChat ကတစ်ဆင့် ဝန်ထမ်းဆီ လှမ်းပြီး မက်ဆေ့ပို့နိုင်ကြောင်းပါ ဒီစက်ရုပ်က သတင်းပေးပို့ပါတယ်။
အစားအသောက်ပို့တဲ့ ဒီစက်ရုပ်တွေမှာ ဘယ်နေရာကို သွားရမယ် ၊ ဘယ်မှ ရပ်ရမယ်နဲ့ တံခါးရောက်ရင် အစားအသောက် လာပို့ကြောင်း အသိပေးရမယ့် အချက်အလက်တွေအတွက် ပရိုဂရမ်ဆွဲထားတာပါ။ ဒီစက်ရုပ်တွေဟာ အစားအသောက် ပို့ဆောင်ပေးဖို့ အပြင် ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့ သီချင်းပါ ဆိုနိုင်တယ်လို့လည်း သိရပါတယ်။
Photo: Daily Mail
ဇန်နဝါရီ ၂၉ (ယနေ့) အထိ ရထားတဲ့ အချက်အလက်များအရ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်မှာ လူ ၁၃၂ ဦး သေဆုံးပြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူပေါင်း ၆၀၀၀ နီးပါး ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ရှိတဲ့ ဩစတြေးလျ ၊ ကမ္ဘောဒီးယား ၊ ကနေဒါ ၊ ပြင်သစ် ၊ ဂျာမဏီ ၊ အိုင်ဗရီကို့စ် ၊ ဂျပန် ၊ မလေးရှား ၊ နီပေါ ၊ စင်္ကာပူ ၊ တောင်ကိုရီးယား ၊ သီရိလင်္ကာ ၊ ထိုင်း ၊ အမေရိကန်နဲ့ ဗီယက်နမ်အပါအဝင် အနည်းဆုံး ၁၆ နိုင်ငံမှာ ကူးစက်နေတယ်လို့လည်း သိရပါတယ်။