အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်ပြည်မကြီးသို့ အသွားအပြန် လေယာဥ်ခရီးစဥ်တွေကို နိုင်ငံတကာလေကြောင်းလိုင်းတွေက ရပ်ဆိုင်းမှုတွေနဲ့ နိုင်ငံအသီးသီးက ၎င်းတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
(Photo: AFP)
လေကြောင်းခရီးစဥ် ရပ်ဆိုင်းမှုများ
ဗြိတိန်လေကြောင်းလိုင်း (British Airways - BA) က တရုတ်သို့ တိုက်ရိုက်ပျံသန်းတဲ့ လေယာဥ်ခရီးစဥ်အားလုံးကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဗြိတိန်နိုင်ငံခြားရေးရုံးက မဖြစ်မနေ ခရီးသွားမှုကလွဲပြီး တရုတ်သို့မသွားရန် အကြံပြုချက်ထွက်ပေါ်လာပြီးနောက် BA က တရုတ်ပြည်မကြီးသို့ တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းခရီးစဥ်အားလုံးကို ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်လေကြောင်းလိုင်း United Airlines ကလည်း ဘေဂျင်း၊ ဟောင်ကောင်နဲ့ ရှန်ဟိုင်းမြို့များသို့သွားရောက်မယ့် ခရီးသည်အရေအတွက် သိသာစွာလျော့ကျမှုကြောင့် ဖေဖေါ်ဝါရီ ၁ ရက်နဲ့ ၈ ရက်ကြား ပျံသန်းနေတဲ့ လေကြောင်းခရီးစဥ် ၂၄ ခုကို ဖျက်သိမ်းထားပါတယ်။
(British Airways လေကြောင်းလိုင်း လေယာဥ်များ) (Photo: AFP)
ထို့အတူ ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်းက ဇန်နဝါရီ ၃၀ ရက်မှစပြီး မတ်လကုန်အထိ တရုတ်ပြည်မကြီးသို့ ပျံသန်းတဲ့လေကြောင်းခရီးစဥ် အရေအတွက်ကို လျှော့ချထားမယ်လို့ ထုတ်ပြန်ပါတယ်။ ကနေဒါမှ Air Canada လေကြောင်းလိုင်းကလည်း တရုတ်သို့ပျံသန်းတဲ့ လေယာဥ်ခရီးစဥ်တွေကို လျှော့ချခဲ့ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က တရုတ်သို့ပျံသန်းတဲ့ လေယာဥ်ခရီးစဥ်တွေကို လာမယ့် စနေနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) မှစပြီး ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။ Lion Air က တရုတ်မြို့ ၁၅ မြို့သို့ ပျံသန်းနေတဲ့ လေကြောင်းခရီးစဥ်တွေကို ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။
(Lion Air လေကြောင်းလိုင်း လေယာဥ်များ) (Photo: AFP)
ထို့အတူ ရုရှားလေကြောင်းလိုင်း Ural Airlines ကလည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် တရုတ်ခရီးသည်တွေ အသွားများတဲ့ ပါရီနဲ့ ရောမမြို့များ အပါအဝင် ဥရောပသို့ ပျံသန်းနေတဲ့ လေယာဥ်ခရီးစဥ်အချို့ကို ရပ်ဆိုင်းထားမယ်လို့ ပြောထားပါတယ်။ အခြား လေကြောင်းလိုင်းတွေကလည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်မယ့် အစီအစဥ်တွေ လုပ်ဆောင်နေကြပါတယ်။
ထိုင်ဝမ်ရဲ့ China Airlines က ခရီးသည်တွေကို သောက်စရာအတွက် ကိုယ်ပိုင်ဘူးများ ယူဆောင်လာကြရန် တိုက်တွန်းထားပြီး စင်ကာပူလေကြောင်းလိုင်း (Singapore Airlines) နဲ့ အခြား လေကြောင်းလိုင်တွေကတော့ တရုတ်သို့ပျံသန်းတဲ့ လေယာဥ်ခရီးစဥ်တွေမှာ အမှုထမ်းတွေကို မျက်နှာဖုံးတပ်ဆင်ခွင့်ပြုထားကြောင်း သိရပါတယ်။
နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်မှုများ
ဗြိတိန်အပါအဝင် အခြား နိုင်ငံတွေက ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ ၎င်းတို့နိုင်ငံသားတွေကို လေကြောင်းခရီးဖြင့် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။ ဝူဟန်မြို့နဲ့ ဟူဘေးပြည်နယ် ပတ်ဝန်းကျင်မှာရှိနေတဲ့ ဗြိတိန်နိုင်ငံသား ၃၀၀ အထိ ရှိနေတယ်လို့ ယူဆရပြီး ဗြိတိန်အစိုးရက ပြန်လည်ခေါ်ဆောင်ရန် စီစဥ်နေပါတယ်။
(လန်ဒန် ဟီးသရိုးလေဆိပ်မှာတွေ့ရသည့် ခရီးသည်အချို့) (Photo: PA)
ဩစတြေးလျကလည်း ၎င်းရဲ့နိုင်ငံသား ၆၀၀ ကို တရုတ်ပြည်မကြီးမှ မိုင် ၁,၂၀၀ ခန့်ကွာဝေးတဲ့ ခရစ္စမတ်ကျွန်း (Christmas Island) ပေါ်မှာ သီးသန့်ခွဲထားရန် ပြင်ဆင်ထားပါတယ်။ ဂျပန်၊ အမေရိကန်နဲ့ အခြား ဥရောပနိုင်ငံတွေကလည်း ၎င်းတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နေကြပါတယ်။
ဂျပန်အစိုးရက ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ ဂျပန်နိုင်ငံသား ၂၀၆ ဦးကို ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) ညပိုင်းမှာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၂၉ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်က တိုကျိုမြို့ရှိ Haneda လေဆိပ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။ ၎င်းတို့အနက် ငါးဦးဟာ ကိုယ်ပူခြင်း သို့မဟုတ် ချောင်းဆိုးခြင်း လက္ခဏာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
(ဂျပန်နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်လာသည့် လေယာဥ်) (Photo: AFP)
ဝူဟန်မှာ နောက်ထပ် ဂျပန်နိုင်ငံသား ၆၅၀ ဝန်းကျင် ကျန်ရှိနေသေးပြီး ၎င်းတို့ကိုလည်း ဆက်လက် ကယ်ထုတ်သွားရန် စီစဥ်ထားပါတယ်။ ဂျပန်မှာ ယနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ ဦး စစ်ဆေးတွေ့ရှိထားပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦးဟာ တရုတ်သို့ သွားရောက်ခဲ့ဖူးခြင်းမရှိဘဲ ဝူဟန်မြို့မှ လာရောက်ကြတဲ့ ခရီးသွားတွေကို ဘတ်စ်ကားမောင်းနှင် ပို့ဆောင်ပေးခဲ့ရာမှာ ကူးစက်ခံရခဲ့တယ်လို့ ဆိုပါတယ်။
ထို့အတူ အမေရိကန်ကလည်း ဝူဟန်မှာပိတ်မိနေတဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေနဲ့ အခြား အမေရိကန်နိုင်ငံသား ၂၄၀ ကို ယနေ့ မနက်အစောပိုင်းက လေယာဥ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး အလက်စကာပြည်နယ်မှာ လေယာဥ်ဆီဖြည့်ရန် ခရီးတစ်ထောက်နားပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရပါတယ်။
(အမေရိကန်နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်လာသည့် လေယာဥ်) (Photo: Reuters)
နယူးဇီလန်ကလည်း ဩစတြေလျးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ၎င်းရဲ့နိုင်ငံသား ၅၃ ဦးကို ဩစတြေးလျနိုင်ငံသားတွေနဲ့အတူ ဝူဟန်ကနေ ပြန်လည်ခေါ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း ဥရောပနိုင်ငံများမှ နိုင်ငံသားတွေကို လေယာဥ်နှစ်စီးဖြင့် ပြန်လည်ခေါ်ဆောင်ရန် စီစဥ်ထားပြီး ပထမလေယာဥ်မှာ ပြင်သစ်နိုင်ငံသား ၂၅၀ လိုက်ပါလာမှာဖြစ်ပါတယ်။
တောင်ကိုရီးယားကလည်း ယခုသီတင်းပတ်အတွင်း ၎င်းရဲ့နိုင်ငံသား ၇၀၀ ခန့်ကို လေယာဥ်ခရီးစဥ်လေးခုဖြင့် ပြန်လည်ခေါ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။ ထို့အတူ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း ဝူဟန်မြို့နဲ့ အနီးပတ်ဝန်းကျင်မှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေကို ကယ်ထုတ်သွားမယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ကတော့ တရုတ်ပြည်မကြီးနဲ့ကြား ခရီးသွားလာမှုတွေကို ကန့်သတ်ပိတ်ပင်ထားမယ်လို့ ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၆,၁၇၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်
ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုနဲ့ ကူးစက်မှုအခြေအနေ
ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့မှုတွေ စတင်တွေ့ရှိရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။
2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းအချိန်အထိ သိရှိရတဲ့ သတင်းအချက်အလက်များအရ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်ပြည်မကြီးမှာ လူ ၁၃၂ ဦး သေဆုံးပြီး လူ ၆,၀၇၈ ဦးမှာ ကူးစက်ခံထားရပါတယ်။
တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၆,၁၇၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့ ညနေပိုင်းအထိ ထိုင်းမှာ ၁၄ ဦး၊ စင်ကာပူမှာ ၁၀ ဦး၊ ဟောင်ကောင်မှာ ၈ ဦး၊ ထိုင်ဝမ်မှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ မလေးရှားမှာ ၇ ဦး၊ ဂျပန်မှာ ၇ ဦး၊ ဩစတြေးလျမှာ ၆ ဦး၊ အမေရိကန်မှာ ၅ ဦး၊ တောင်ကိုရီးယားမှာ ၄ ဦး၊ ပြင်သစ်မှာ ၄ ဦး၊ ဂျာမနီမှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။
Source: AFP, Reuters, CNA
Share