ဗိုင်းရပ်စ်အသစ်ကူးစက်မှု အဓိကဖြစ်ပွားရာ ဟူဘေးပြည်နယ်ပြင်ပရှိ မြို့တစ်မြို့မှာ ဖြစ်ပါတယ်။

လူသေဆုံးမှုတွေဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကူးစက်မှု အဓိကဖြစ်ပွားရာ ပြည်နယ်ပြင်ပရှိ မြို့တစ်မြို့မှာ အာဏာပိုင်တွေက မြို့ခံများ သွားလာနေထိုင်မှုကို တင်းကျပ်စွာ ကန့်သတ်လိုက်ပြီး လမ်းမများကို ပိတ်ပင်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဝမ်ဇူးမြို့ (Wenzhou) မှာ အိမ်ထောင်စုတစ်ခုလျှင် လူတစ်ဦးသာ နှစ်ရက်တစ်ကြိမ် အပြင်ထွက်ပြီး လိုအပ်တာတွေ ဝယ်ယူခွင့်ပြုထားပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) မှစပြီး ဇီဂျီအန်းပြည်နယ် (Zhejiang) ရှိ ထိုမြို့တွင်းမှာ လမ်းမများကိုလည်း ပိတ်ပင်ထားပါတယ်။



လူဦးရေ ကိုးသန်းရှိတဲ့ ဝမ်ဇူးမြို့ဧရိယာရှိ အဝေးပြေးလမ်းမ ယာဥ်ဖြတ်သန်းရာဂိတ် ၄၅ ခုကို ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဇီဂျီအန်းပြည်နယ်ဟာ တရုတ်အလယ်ပိုင်းရှိ ဟူဘေးပြည်နယ်ပြီးလျှင် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုအများဆုံး တွေ့ရှိရတဲ့ နေရာတစ်ခုဖြစ်ပြီး ကူးစက်ခံရသူ ၆၆၁ ဦး စစ်ဆေးအတည်ပြုထားပါတယ်။

(Photo: AFP)

ထိုပြည်နယ်အတွင်းရှိ ဝမ်ဇူးမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၅ ဦးအထိ တွေ့ရှိထားရာ အာဏာပိုင်တွေက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပိုမိုဆိုးရွားမလာစေရန် ရည်ရွယ်ပြီး မြို့ခံတွေကို တင်းကျပ်ပြင်းထန်တဲ့ သွားလာနေထိုင်မှု ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဝမ်ဇူးမြို့ဟာ ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့ရတဲ့ တရုတ်အလယ်ပိုင်း ဝူဟန်မြို့နဲ့ ၄၉၇ မိုင်ကွာဝေးပါတယ်။

ဝမ်ဇူးမှာ အများပြည်သူဆိုင်ရာ အခမ်းအနားများကို ဖျက်သိမ်းထားပြီး ရေကူးကန်များ၊ ရုပ်ရှင်ရုံများနဲ့ ပြတိုက်များကဲ့သို့ အများပြည်သူနေရာတွေကိုလည်း ပိတ်ထားပါတယ်။ ဝမ်ဇူးမြို့ရဲ့ မြေအောက်ရထားနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကိုလည်း ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ ထို့အတူ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို မတ်လ ၁ ရက်နေ့‌ကျော်အထိ ပိတ်ထားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့ကျော်အထိ အလုပ်မလုပ်သင့်ကြောင်း အာဏာပိုင်တွေက ပြောထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: FMT News)

အစိုးရအဖွဲ့အစည်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာဌာနတွေကိုတော့ ဖေဖေါ်ဝါရီ ၉ ရက်မှာ လုပ်ငန်းများ ပြန်လည်စတင်သွားမယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် လူ ၃၀၄ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံထားရသူ ၁၄,၃၈၀ ဦးအထိ မြင့်တက်လာပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ တရုတ်ပြင်ပမှာ ပထမဆုံး သေဆုံးမှုအဖြစ်လည်း ဖေဖေါ်ဝါရီ ၂ ရက် နေ့လယ်ပိုင်းအထိ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဝူဟန်မြို့မှ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၃၀၅ ဦးရှိလာခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာ့တစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၄,၅၅၅ ဦးသို့ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဖေဖေါ်ဝါရီ ၂ ရက် မွန်းလွဲပိုင်းအထိ ဂျပန်မှာ ၂၀ ဦး၊ ထိုင်းမှာ ၁၉ ဦး၊ စင်ကာပူမှာ ၁၈ ဦး၊ တောင်ကိုရီးယားမှာ ၁၅ ဦး၊ ဟောင်ကောင်မှာ ၁၄ ဦး၊ ဩစတြေးလျမှာ ၁၂ ဦး၊ ထိုင်ဝမ်မှာ ၁၀ ဦး၊ မကာအိုမှာ ၈ ဦး၊ မလေးရှားမှာ ၈ ဦး၊ အမေရိကန်မှာ ၈ ဦး၊ ဂျာမနီမှာ ၇ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ ဗီယက်နမ်မှာ ၆ ဦး၊ ကနေဒါမှာ ၄ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ အိန္ဒိယမှာ ၂ ဦး၊ အီတလီမှာ ၂ ဦး၊ ဖိလစ်ပိုင်မှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ စပိန်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး တွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(Photo: Reuters)

လတ်တလော ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က