အစည်းအဝေးဟာ ထုံးစံအားဖြင့် ၁၀ ရက် ကြာမြင့်ပါတယ်။

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် လုပ်ဆောင်နေရတာကြောင့် လာမယ့် မတ်လအတွင်း ကျင်းပပြုလုပ်မယ့် နှစ်ပတ်လည် တရုတ်ပြည်သူ့ကွန်ဂရက်အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။

အစည်းအဝေးရွှေ့ဆိုင်းမှုဟာ ယဥ်ကျေးမှုတော်လှန်ရေးကာလနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်


(Photo: AFP)

အစည်းအဝေးရွှေ့ဆိုင်းရန် ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) က ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့ ရွှေ့ဆိုင်းမှုဟာ ယဥ်ကျေးမှုတော်လှန်ရေးကာလနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။ သမ္မတရှီကျင့်ဖျင် အပါအဝင် အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ နှစ်စဥ် ကျင်းပပြုလုပ်တဲ့ တရုတ်ပြည်သူ့ကွန်ဂရက် (National People's Congress - NPC) အစည်းအဝေးကို တက်ရောက်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ NPC အစည်းအဝေးမှာ ကွန်မြူနစ်ပါတီက ကြိုတင်ဆုံးဖြတ်ထားပြီးသား အစိုးရအသုံးစရတ်များနဲ့ ရာထူးနေရာ အပြောင်းအလဲတွေကို အတည်ပြုတာလည်း ဖြစ်ပါတယ်။ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ် ကူးစက်နေမှုကြောင့် ရွှေ့ဆိုင်းလိုက်တဲ့ အစည်းအဝေး ကျင်းပမယ့်ရက်စွဲအသစ်ကို NPC ရဲ့ အမြဲတမ်းကော်မတီက ဆုံးဖြတ်သွားမယ်လို့ တရုတ်အစိုးရသတင်းဌာန CCTV က ပြောပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံရဲ့ NPC အစည်းအဝေးဟာ ထုံးစံအားဖြင့် ၁၀ ရက် ကြာမြင့်တယ်လို့လည်း သိရပါတယ်။ NPC အမြဲတမ်းကော်မတီက ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီးနောက် မတ်လ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်ရန် စီစဥ်ထားတဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းသင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CCTV သတင်းက ပြောပါတယ်။

၁၉၅၄ ခုနှစ် စက်တင်ဘာလအတွင်း ဘေဂျင်းမြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်

NPC အစည်းအဝေးကို ပုံမှန် တက်ရောက်လာမယ့် အစိုးရထိပ်တန်းအရာရှိ အများအပြားဟာ ၎င်းတို့သက်ဆိုင်ရာ နယ်မြေဒေသတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေးအတွက် အလုပ်များနေကြတာလည်း ဖြစ်ပါတယ်။ မော်စီတုန်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ NPC အစည်းအဝေးကို ၁၉၅၄ ခုနှစ် စက်တင်ဘာလအတွင်း ဘေဂျင်းမြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

(Photo: AFP)

ထို့နောက် အစည်းအဝေးကို နှစ်စဥ်နီးပါး ဆယ်စုနှစ်တစ်ခုကြာ ကျင်းပပြုလုပ်လာခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ မော်စီတုန်းရဲ့ ယဥ်ကျေးမှုတော်လှန်ရေးကာလအတွင်း ရပ်ဆိုင်းထားခဲ့ပါတယ်။ မော်စီတုန်း ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၇၈ ခုနှစ်မှာတော့ NPC အစည်းအဝေးကို ပြန်လည်ကျင်းပခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှစပြီး ထိုအစည်းအ‌ဝေးကို နှစ်စဥ် မတ်လမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း မတ်လ ၅ ရက်နေ့မှာ အစည်းအဝေး ကျင်းပပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်နေရတာကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်လိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၂၅ ရက် မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၇၀၁ ဦးအထိ မြင့်တက်လာပါတယ်

(Photo: AFP)

ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၅ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၆၆၃ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၇၀၁ ဦးအထိ မြင့်တက်လာပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်ဟာလည်း ဖေဖေါ်ဝါရီ ၂၅ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၇၇,၆၅၈ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၈၀,၁၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှု COVID019 ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က သတိပေး ပြောကြားခဲ့ပါတယ်။

(Photo: AFP)

ဗိုင်းရပ်စ်ကူးစက်မှုဟာ လူတစ်ဦးမှတစ်ဦးသို့ ကမ္ဘာ့နေရာနေရာဒေသ အများအပြားမှာ ဖြစ်ပွားလာပါက pandemic အဆင့်အဖြစ် သတ်မှတ်ပါတယ်။ ယခုအချိန်အထိ COVID019 ဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံအချို့ရှိ လူအများအပြားမှာ ဖြစ်ပွားနေတဲ့ outbreak အဆင့်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြ WHO က သတိပေးထားပါတယ်

လက်ရှိမှာ COVID019 ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့်အဖြစ် သတ်မှတ်ရန် စောလွန်းနေသေးကြောင်း၊ သို့သော် ကမ္ဘာ့နိုင်ငံများအနေနဲ့ ထိုသို့ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အဆင့်ကိုရောက်ရှိနေပြီလို့ WHO က ပြောကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတွေအနေနဲ့ ကမ္ဘာအနှံ့ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ပြင်ဆင်နိုင်သမျှအားလုံး လုပ်ဆောင်သင့်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ COVID019 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို WHO က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က