အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် COVID-19 ကူးစက်မှုကို စိုးရိမ်ကြောက်လန်ပြီး အခြေခံလူသုံးကုန်ပစ္စည်းများ အလုအယက် ဝယ်ယူခဲ့ကြတဲ့ ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူလိပ်တွေကို အုပ်စုဖွဲ့ကာ လက်နက်ကိုင် လုယက်မှုဖြစ်ပွားခဲ့ပါတယ်။
မြန်မာကျပ်ငွေ ၃၀၀,၀၀၀ ကျော် တန်ဖိုးရှိ အိမ်သာသုံးစက္ကူတွေကို လက်နက်ကိုင် လုယက်ယူဆောင်သွားခဲ့ပါတယ်
(Photo: AFP)
ဟောင်ကောင်သတင်းစာ Apple Daily ရဲ့ ဖော်ပြမှုအရ လက်နက်ကိုင် လုယက်သူတွေက ဟောင်ကောင်ဒေါ်လာ ၁,၆၉၅ (မြန်မာကျပ်ငွေ ၃၀၀,၀၀၀ ကျော်) တန်ဖိုးရှိ ရာနဲ့ချီတဲ့ အိမ်သာသုံးစက္ကူတွေကို လက်နက်ကိုင် လုယက်ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဓားကိုင်အမျိုးသားအုပ်စုက Mong Kok အရပ်ရှိ စူပါမတ်ကက်တစ်ခုအပြင်ဘက်မှာ ပစ္စည်းပို့ဆောင်သူတစ်ဦးထံမှ အိမ်သာသုံးစက္ကူတွေကို လုယက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ လုယက်သွားတဲ့ အိမ်သာသုံးစက္ကူလိပ်အချို့ကို ပြန်ရခဲ့ကြောင်း ဟောင်ကောင်မီဒီယာတွေက ပြောပါတယ်။
(Photo: Vincent Yu/AP)
အိမ်သာသုံးစက္ကူလိပ်တွေ လုယက်မှုဖြစ်ပွားခဲ့တဲ့ Mong Kok အရပ်ဟာ ဟောင်ကောင်မှာ လျှို့ဝှက်ရာဇဝတ်ဂိုဏ်းများ ကျင်လည်ကျက်စားခဲ့ကြတဲ့ နေရာတစ်ခုအဖြစ် သမိုင်းကြောင်းရှိပါတယ်။ ဟောင်ကောင်မီဒီယာတွေမှာ ဖော်ပြထားမှုအရ လုယက်သူတွေက Wellcome စူပါမတ်ကက်အပြင်ဘက်မှာ ပစ္စည်းပို့ဝန်ထမ်းကို ခြိမ်းခြောက်ခဲ့ပြီး အိမ်သာသုံးစက္ကူလိပ်တွေကို ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်ရှိ အရောင်းဆိုင်တွေမှာ အိမ်သာသုံးစက္ကူလိပ်များ အသစ်ရောက်လာပါက ဝယ်ယူသူတွေဟာ လူတန်းရှည်လျားစွာ တန်းစီစောင့်ဆိုင်း ဝယ်ယူကြပြီး အလျင်အမြန် ကုန်သွားတယ်လို့ ဆိုပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုက အိမ်သာသုံးစက္ကူတင်သွင်းမှုကို မထိခိုက်သေးကြောင်း ဟောင်ကောင်အစိုးရက အာမခံထားပေမဲ့လည်း မြိုခံတွေကတော့ အိမ်သာသုံးစက္ကူလိပ်တွေကို ဝယ်ယူစုဆောင်းနေခဲ့ကြပါတယ်။
ဟောင်ကောင်မှာ mask များနဲ့ လက်ဆေးဆပ်ပြာရည်များ ဝယ်ယူလို့မရသလောက်နီးပါး ဖြစ်နေပါတယ်
(Photo: AFP via Getty Images)
ဟောင်ကောင်မှာ အခြား အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ခေါက်ဆွဲခြောက်နဲ့ သန့်ရှင်းရေးပစ္စည်းတွေကိုလည်း ဗိုင်းရပ်စ်စိုးရိမ်ကြောက်လန့်မှုဖြင့် အလုအယက် ဝယ်ယူစုဆောင်းထားကြတယ်လို့ ဆိုပါတယ်။ ထို့အတူ mask များနဲ့ လက်ဆေးဆပ်ပြာရည်များကိုလည်း ဟောင်ကောင်မှာ ဝယ်ယူလို့မရသလောက်နီးပါးအထိ ဖြစ်နေပါတယ်။
ဟောင်ကောင်မှာ အစားအစာနဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို စိုးရိမ်ကြောက်လန့်စိတ်ဖြင့် အပြေးအလွှား ဝယ်ယူကြမှုဟာ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အွန်လိုင်းကောလာဟလတွေကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) ညပိုင်းအထိ တရားဝင် စာရင်းတွေအရ ဟောင်ကောင်မှာ COVID-19 ဗိုင်းရပ်စ်ကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၅၇ ဦး တွေ့ရှိထားပါတယ်။
(Photo: AFP via Getty Images)
COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ လူ ၁,၇၇၅ ဦး သေဆုံးခဲ့ပါတယ်
ဟောင်ကောင်မှာကဲ့သို့ပင် စင်ကာပူမှာလည်း အစိုးရက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတိပေးချက်ကို လိမ္မော်ရောင်အဆင့် တိုးမြှင့်လိုက်ပြီးနောက် အိမ်သာသုံးစက္ကူလိပ်များ၊ လက်ဆေးဆပ်ပြာရည်များနဲ့ mask များကို စိုးရိမ်တကြီးဖြင့် အများအပြား ဝယ်ယူစုဆောင်းခဲ့ကြပါတယ်။
စင်ကာပူအစိုးရက အိမ်ထောင်စုတစ်ခုလျှင် mask လေးခုစီ အခမဲ့ ပေးဝေတဲ့အစီအစဥ်ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၁၇ ရက် ညပိုင်းအထိ စာရင်းတွေအရ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ လူ ၁,၇၇၅ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၇,၁၃၃၄ ဦးအထိ မြင့်တက်လာပါတယ်။
(Photo: AFP via Getty Images)
ဖေဖေါ်ဝါရီ ၁၇ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၇၇၀ ဦးနဲ့ ကူးစက်ခံရသူ ၇၀,၅၄၈ ဦးရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ ၁၁,၃၈၈ ဦးရှိခဲ့ပါတယ်။
COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။
Source: The Guardian, SCMP, BBC
Share