ပြင်သစ်အစိုးရက ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ သူတို့ရဲ့ နိုင်ငံသားတွေကို လေကြောင်းခရီးဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။
ကျွန်တော်က ပြင်သစ်မှာထက် ဒီမှာ အများကြီး ပိုအသုံးဝင်ပါလိမ့်မယ်
(Photo: AFP)
ဒါပေမဲ့ ဝူဟန်မှာပဲ ဆက်နေခဲ့တဲ့ ပြင်သစ်အမျိုးသားတစ်ယောက် ရှိပါတယ်။ သူကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ်ပြီး ဝူဟန်မြို့ရှိ International SOS ဆေးရုံရဲ့ အကြီးအကဲပါ။ သူရှိနေတဲ့ ဝူဟန်မြို့ဟာ လူသေဆုံးမှုဖြစ်စေပြီး တစ်ကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်နေကြတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ စတင်တွေ့ရှိခဲ့ရာ အဓိကနေရာဖြစ်ပါတယ်။
ပြင်သစ်ဆရာဝန်ရဲ့ နာမည်က ဖိလစ်ကလိန်း (Philippe Klein) ပါ။ "သူရဲကောင်းလုပ်တာ မဟုတ်ပါဘူး၊ သေချာစဥ်းစားထားတာပါ၊ ဒါက ကျွန်တော့်အလုပ်ပဲလေ၊ ကျွန်တော်က ပြင်သစ်မှာထက် ဒီမှာ အများကြီး ပိုအသုံးဝင်ပါလိမ့်မယ်" လို့ ဒေါက်တာဖိလစ်က ဆိုပါတယ်။ ဒေါက်တာဖိလစ်က ဝူဟန်မှာရှိနေတဲ့ ပြင်သစ်လူမှုအသိုင်းအဝိုင်းကို ကူညီချင်တယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
(Photo: AFP)
ဝူဟန်မှာ ပြင်သစ်နိုင်ငံသား ၅၀၀ ခန့်ရှိနေပါတယ်။ ပြင်သစ်နိုင်ငံမှာ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကြီးတွေဖြစ်တဲ့ PSA နဲ့ Renault တို့ရဲ့ စက်ရုံတွေ ဝူဟန်မှာ တည်ဆောက်လုပ်ကိုင်နေကြပါတယ်။ ထို့အတူ ဝူဟန်ဒေသခံ တက္ကသိုလ်တွေကလည်း ပြင်သစ်မှ ပညာရေးအဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ပညာသင်ကြားရေး အစီအစဥ်တွေ ရှိနေပါတယ်။
ဝူဟန်မှာရှိနေတဲ့ ပြင်သစ်နိုင်ငံသား အားလုံးက ဝူဟန်ကနေ ထွက်ခွာကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အချို့က အသက်မွေးဝမ်းကျောင်းအလုပ်ကိစ္စ သို့မဟုတ် မိသားစုအကြောင်းပြချက်များကြောင့်ဖြစ်ပြီး အခြားသူတွေကတော့ ပြင်သစ်ကိုပြန်ရောက်တဲ့အခါ ၁၄ ရက်ကြာ သီးသန့်ခွဲထားပြီး စောင့်ကြည့်မှာကို မလိုလားကြပါဘူး။
ဒီလိုအချိန် ဒီလိုအခြေအနေမျိုးတွေမှာ တရုတ်ဆေးရုံတစ်ရုံကိုသွားဖို့ မသင့်တော်ပါဘူး
(Photo: Reuters)
ဒါပေမဲ့ ဆရာဝန်တစ်ဦးဖြစ်သူ ဖိလစ်ကတော့ သူတို့ကို ဝူဟန်ကနေ ထွက်ခွာသွားကြစေချပါတယ်။ ဒေါက်တာဖိလစ်ဟာ ကလေးလေးယောက်ရဲ့ ဖခင်ဖြစ်ပြီး တရုတ်မှာ အခြေချနေထိုင်လာခဲ့တာ ခြောက်နှစ်ကြာပြီဖြစ်ပါတယ်။ "တရုတ်ဆေးရုံတွေက အခုအချိန်မှာ ဒီဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရေးမှာ ၁၀၀ ရာခိုင်နှုန်း အလုပ်များနေပါတယ်၊ ဒီတော့ အဲဒီမှာ လူတွေကို နည်လမ်းများစွာနဲ့ ရောဂါကူးစက်နိုင်ပါတယ်" လို့ ပြင်သစ်နိုင်ငံ မတ်ဇ်မြို့ဇာတိ ဒေါက်တာဖိလစ်က ပြောပါတယ်။
"ဒီလိုအချိန် ဒီလိုအခြေအနေမျိုးတွေမှာ တရုတ်ဆေးရုံတစ်ရုံကိုသွားဖို့ မသင့်တော်ပါဘူး၊ ဒါကြောင့်ပဲ ပြင်သစ်နိုင်ငံသားတွေကို ဝူဟန်ကနေ ပြင်သစ်ကိုပြန်ကြဖို့ ကျွန်တော် အလေးအနက် တိုက်တွန်းတာပါ" လို့ ဖိလစ်က ဆိုပါတယ်။ ဝူဟန်မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာတစ်ဝှမ်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ကြောင်း ကြေညာထားပါတယ်။
ကျွန်တော်က ဗိုင်းရပ်စ်ယဥ်ပါးသူ တစ်ယောက်ပါ
(Photo: AFP)
တရုတ်နိုင်ငံရှိ ဝူဟန်အပါအဝင် နေရာဒေသ အများအပြားမှာ mask များ မတပ်မနေရ အမိန့်ထုတ်ပြန်ထားပါတယ်။ ဘေဂျင်းကဲ့သို့ မြို့ကြီးတွေမှာတော့ mask များ ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါက်တာဖိလစ်က ဗိုင်းရပ်စ်ကူးစက်မှုကို အလေးထား စောင့်ကြည့်သင့်ကြောင်း အကြံပြုခဲ့ပါသေးတယ်။ သူက ကမ္ဘာပေါ်မှာ တုပ်ကွေးရာသီတစ်ခုအတွင်း လူဦးရေ ၅၀၀,၀၀၀ အထိ သေဆုံးခဲ့ဖူးတာကို သတိရဖို့ အရေကြီးတယ်လို့ ဆိုပါတယ်။
"ကျွန်တော် အပြင်ထွက်ရင် အမြဲတမ်း mask တပ်သွားပါတယ်၊ ဒါက ဒေသအာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် တာဝန်တစ်ခုပါ၊ ဒါကြောင့် ဝူဟန်မှာတော့ လူတိုင်းက mask တပ်ကြပါတယ်" လို့ သူက ပြောပါတယ်။ အဓိကအားဖြင့် နာမကျန်းဖြစ်နေသူတွေဟာ mask တပ်ထားရန် လိုအပ်ပြီး ဒါမှသာ အခြားသူတွေကို ဗိုင်းရပ်စ် မကူးစက်စေမှာဖြစ်ကြောင်း ဒေါက်တာဖိလစ်က ထောက်ပြပါတယ်။
(Photo: AFP)
ဗိုင်းရပ်စ်ကူးစက်ခံရမှုက ကာကွယ်ရာမှာ အရေးကြီးဆုံး အချက်တွေက တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ လက်တွေကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောတာဖြစ်တယ်လို့လည်း ဖိလစ်က သတိပေးခဲ့ပါတယ်။ ဒေါက်တာဖိလစ်အတွက်တော့ တရုတ်မှာနေတာက သူ့အလုပ်ဖြစ်ပြီး ဒီလိုနေဖို့လည်း သူက လေ့ကျင့်ခဲ့တာပါ။ "ကျွန်တော်က ဗိုင်းရပ်စ်ယဥ်ပါးသူ တစ်ယောက်ပါ၊ ပြောရမယ်ဆိုရင်တော့ ကျွန်တော်က ဂူတစ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်နဲ့ အတူရှိနေသလိုပေါ့ဗျာ" လို့ ပြင်သစ်ဆရာဝန်က ပြောပါတယ်။