ကမ္ဘာ့အနှံ့ကူးစက်မှု ဖြစ်ပွားနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အဆင့်ကိုရောက်ရှိနေပြီလို့ ဆိုပါတယ်။

အဆုတ်ရောင်ရောဂါ COVID019 ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၄ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အနှံ့ကူးစက်မှု ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အဆင့်ကိုရောက်ရှိနေပါပြီ


(Photo: AP)

COVID019 ဗိုင်းရပ်စ်ကူးစက်မှု အများစုဟာ တရုတ်ပြည်မကြီးမှာဖြစ်ပေမဲ့ လတ်တလော ရက်ပိုင်းအတွင်း တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်ကဲ့သို့ အခြားနိုင်ငံတွေမှာလည်း ကူးစက်မှုနှန်း မြင့်တက်လာခဲ့ရာ ဗိုင်းရပ်စ်ကူးစက်မှု အတိုင်းအတာဟာ ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့် ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုဟာ လူတစ်ဦးမှတစ်ဦးသို့ ကမ္ဘာ့နေရာနေရာဒေသ အများအပြားမှာ ဖြစ်ပွားလာပါက pandemic အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ ယခုအချိန်အထိ COVID019 ဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံအချို့ရှိ လူအများအပြားမှာ ဖြစ်ပွားနေတဲ့ outbreak အဆင့်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

(Photo: AFP)

လက်ရှိမှာ COVID019 ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့်အဖြစ် သတ်မှတ်ရန် စောလွန်းနေသေးကြောင်း၊ သို့သော် ကမ္ဘာ့နိုင်ငံများအနေနဲ့ ထိုသို့ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အဆင့်ကိုရောက်ရှိနေပြီလို့ WHO က ပြောကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတွေအနေနဲ့ ကမ္ဘာအနှံ့ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ပြင်ဆင်နိုင်သမျှအားလုံး လုပ်ဆောင်သင့်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများ COVID-19 ရောဂါကြောင့် သေဆုံးမှုအချိုးအစားဟာ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်းကြား ဖြစ်ပုံရပေမဲ့ သေဆုံးမှုနှုန်းကို မသိနိုင်သေးကြောင်းလည်း WHO က သတိပေးထားပါတယ်။

ဖေဖေါ်ဝါရီ ၂၅ ရက် မနက်ပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၂,၇၀၁ ဦးရှိလာပါတယ်

(Photo: AP)

ထိုအတောအတွင်း အီရန်၊ အာဖဂန်နစ္စတန်၊ ကူဝိတ်၊ အိုမန်နဲ့ ဘာရိန်းနိုင်ငံတွေမှာလည်း ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံသူ ပထမဆုံးအကြိမ် တွေ့ရှိလာရပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက် ညပိုင်းအထိ COVID019 ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၂,၆၆၃ ဦး၊ အီရန်မှာ ၁၂ ဦး၊ တောင်ကိုရီးယားမှာ ၈ ဦး၊ အီတလီမှာ ၇ ဦးစီ၊ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၄ ဦး၊ ဟောင်ကောင်မှာ ၃ ဦး၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ၁ ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၇၀၁ ဦးအထိ မြင့်တက်လာပါတယ်။

(Photo: AFP)

ဖေဖေါ်ဝါရီ ၂၅ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၇,၆၅၈ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀,၁၂၄ ဦးရှိလာပြီး ပြန်လည်သက်သာသွားသူ ၂၇,၆၂၃ ဦးရှိခဲ့ကြောင်း သိရပါတယ်။ တရုတ်မှာ ကျန်းမာရေးဝန်ထမ်း ၃,၀၀၀ အထိ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID019 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို WHO က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က