ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး အမျိုးအစား ၂၀ ကျော် ထုတ်လုပ်နေပါတယ်။

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ အကြီးဆုံးရန်သူက ဗိုင်းရပ်စ်မဟုတ်ပါဘူး၊ ကြောက်လန့်မှု၊ ကောလာဟလနဲ့ ကဲ့ရဲ့အပြစ်ဆိုမှုတွေ ဖြစ်ပါတယ်


(WHO အကြီးအကဲ Tedros Adhanom Ghebreyesus) (Photo: AFP)

"COVID-19 ကူးစက်ပျံ့နှံ့မှုနဲ့ သက်ရောက်မှုအန္တရာယ် တစ်ကမ္ဘာလုံးမှာ အလွန်မြင့်မားကြောင်း ကျွန်တော်တို့ အခု တိုးမြှင့်သတ်မှတ်လိုက်ပါပြီ" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းထောက်တွေကို ပြောပါတယ်။

"ဗိုင်းရပ်စ်က လူတွေကြားမှာ ထိန်းချုပ်မှုကင်းစွာ ကူးစက်ပျံ့နှံ့နေတဲ့ အထောက်အထားတွေ ကျွန်တော်တို့ မတွေ့ရသေးပါဘူး၊ ဒီလို မတွေ့ရသေးသမျှ ကျွန်တော်တို့မှာ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့အခွင့်အရေးတစ်ခု ရှိနေပါသေးတယ်၊ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်ရေး အဓိကကျတာက ကူးစက်မှုကို ဖြတ်တောက်ဟန့်တားပစ်ဖို့ပါပဲ" လို့ WHO အကြီးအကဲက ဆိုပါတယ်။

(Photo: AFP)

"ကျွန်တော်တို့ရဲ့ အကြီးဆုံးရန်သူက ဗိုင်းရပ်စ်မဟုတ်ပါဘူး၊ ကြောက်လန့်မှု၊ ကောလာဟလနဲ့ ကဲ့ရဲ့အပြစ်ဆိုမှုတွေ ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး တန်းဖိုးရှိမှုတွေကတော့ အချက်အလက်တွေ၊ ဆင်ခြင်တုံတရားနဲ့ စည်းလုံးညီညွတ်မှုတို့ ဖြစ်ပါတယ်" လို့လည်း Tedros Adhanom Ghebreyesus က မှတ်ချက်ပြုခဲ့ပါတယ်။

COVID-19 ကာကွယ်ဆေး အမျိုးအစား ၂၀ ကျော် ထုတ်လုပ်နေပါတယ်

WHO အကြီးအကဲရဲ့ ပြောကြားမှုအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး အမျိုးအစား ၂၀ ကျော် ထုတ်လုပ်နေကြောင်းနဲ့ ကုသမှုတွေကိုလည်း စမ်းသပ်နေပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

(ကျန်းမာရေးအရေးပေါ် အစီအစဥ်များဆိုင်ရာ အကြီးအကဲ Michael Ryan) (Photo: Reuters)

ထိုအတောအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့်အဖြစ် ယခုအချိန်မှာ ယူဆနိုင်ခြင်းရှိ မရှိ မေးမြန်းခြင်းဟာ ကူညီရာမရောက်ကြောင်း WHO ရဲ့ ကျန်းမာရေးအရေးပေါ် အစီအစဥ်များဆိုင်ရာ အကြီးအကဲ Michael Ryan ပြောခဲ့ပါတယ်။

"တစ်ကယ်လို့ WHO က ဒီဟာကို ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့်လို့ ကြေညာခဲ့မယ်ဆိုရင် ကျွန်တော်တို့ မဖြစ်မနေ လက်ခံနေကြရမှာက ဒီကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းဟာ ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုတာပါပဲ၊ အချက်အလက်တွေက အဲဒီလို မညွှန်ပြပါဘူး" လို့ ၎င်းက ရှင်းပြပါတယ်။ "တစ်ကယ်လို့ ကျွန်တော်တို့ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးမလုပ်ဘူးဆိုရင်တော့ pandemic ဆိုတာ ကျွန်တော်တို့ ကြုံတွေ့ရမယ့်အနာဂတ် ဖြစ်နိုင်ပါတယ်၊ ဒီဗိုင်းရပ်စ်ကူးစက်မှုရဲ့ အနာဂတ်အခြေအနေအားလုံးက ကျွန်တော်တို့လက်ထဲမှာရှိပါတယ်" လို့ Michael Ryan က ပြောပါတယ်။

ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ pandemic အဆင့်လို့ ကြေညာခဲ့မယ်ဆိုရင် မဖြစ်မနေ လက်ခံနေကြရမှာက ဒီကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းဟာ ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုတာပဲ

(Photo: AFP)

ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၈ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၇၈၈ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၈၆၉ ဦးအထိ မြင့်တက်လာပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၇၈,၈၂၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၃,၈၃၂ ဦးရှိပြီး ပြန်လည်သက်သာသွားသူ ၃၆,၆၈၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။

Source: AFP

Share

Loading Next Article...
က္က