လေယာဥ်ခရီးစဥ်များ ၁၀ စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လျော့ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကြောင့် လေကြောင်းလိုင်းတွေဟာ ယခုနှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉.၃ ဘီလီဘံ လျော့နည်းဆုံးရှုံးရမယ့် အလားအလာရှိနေကြောင်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအဖွဲ့အစည်းက သတိပေးထားပါတယ်။

ဒီနှစ်က လေကြောင်းလိုင်းတွေအတွက် အရမ်းခက်ခဲတဲ့နှစ်ပါပဲ


(Photo: Getty Images)

အပြည်ပြည်ဆိုင်ရာလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့အစည်း (International Air Transport Association - IATA) က လေယာဥ်ခရီးစဥ်သွားလာမှုဟာ ၁၀ စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လျော့ကျသွားမယ်လို့ ကြိုတင်ခန့်မှန်းပါတယ်။

တရုတ်နိုင်ငံရှိ လေကြောင်းလိုင်းတွေနဲ့ အခြား အာရှပစိဖိတ်ဒေသရှိ လေကြောင်းလိုင်းတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လေယာဥ်စီးခရီးစဥ် လျော့နည်းသွားတဲ့ သက်ရောက်မှုကို အဓိက တွေ့ကြုံရမယ်လို့ မျှော်လင့်ထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းလိုင်းတွေက လေယာဥ်ခရီးစဥ်တွေကို မဖြစ်မနေ လျှော့ချခဲ့ရပြီး အကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။

ဝင်ငွေလျော့နည်းဆုံးရှုံးက လေကြောင်းလိုင်းတွေရဲ့ အမြတ်အစွန်းကို ထိခိုက်စေမယ်လို့ ကြိုတင်ခန့်မှန်းရန် အလွန်စောနေပါသေးတယ်
(Photo: Reuters)

IATA က ခန့်မှန်းထားမှုအရ အာရှပစိဖိတ်ဒေသရှိ လေကြောင်းလိုင်းတွေဟာ ၂၀၂၀ ပြည့်နှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၂၇.၈ ဘီလီယံ ဝင်ငွေလျော့ကျသွားမယ်လို့ ဆိုပါတယ်။ အာရှပြင်ပမှ လေကြောင်းလိုင်းတွေဟာလည်း ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံ လျော့နည်းသွားနိုင်ကြောင်း IATA က ခန့်မှန်းထားပါတယ်။

"လေကြောင်းလိုင်းတွေဟာ ခရီးစဥ်နဲ့ လမ်းကြောင်းအချို့ကို လျှော့ချဖို့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချနေကြရပါတယ်၊ ဒီနှစ်က လေကြောင်းလိုင်းတွေအတွက် အရမ်းခက်ခဲတဲ့နှစ်ပါပဲ" လို့ IATA အထွေထွေညွှန်ကြားရေးမှူး Alexandre de Juniac က ပြောပါတယ်။ သို့သော်လည်း ယခုနှစ်မှာ မျှော်လင့်ထားတဲ့ ဝင်ငွေလျော့နည်းဆုံးရှုံးက လေကြောင်းလိုင်းတွေရဲ့ အမြတ်အစွန်းကို ထိခိုက်စေမယ်လို့ ကြိုတင်ခန့်မှန်းရန် အလွန်စောလွန်းနေသေးကြောင်း IATA က ဆိုပါတယ်။

(Photo: Changi Airport/Twitter)

IATA အနေနဲ့ ၂၀၀၃ ခုနှစ်အတွင်း SARS ရောဂါကူးစက်မှု ဖြစ်ပွားခဲ့စဥ်က လေယာဥ်ခရီးစဥ်လျော့နည်းသွားခဲ့မှုအပေါ် အခြေခံပြီး ယခုလက်ရှိ COVID-19 ဗိုင်းရပ်စ်ကြောင့် သက်ရောက်မှုဖြစ်နိုင်ခြေကို ခန့်မှန်းထားတာ ဖြစ်ပါတယ်။ SARS ရောဂါ ကူးစက်မှုဖြစ်ပွားစဥ်က လေယာဥ်ခရီးစဥ်များ ခြောက်လကြာ သိသာစွာ လျော့ကျနေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၃ ခုနှစ်မှာ SARS ရောဂါကူးစက်မှုဂယက်ကြောင့် အာရှပစိဖိတ်ဒေသအတွင်းရှိ လေကြောင်းလိုင်းတွေအတွက် လေယာဥ်ခရီးစဥ်များ ၅.၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။ ယခုလက်ရှိ ကြိုတင်ခန့်မှန်းချက်ဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုက တရုတ်နိုင်ငံမှာသာ အဓိက ဖြစ်ပွားနေဆဲလို့ ယူဆထားတာဖြစ်ပေမဲ့ အကယ်၍ နောက်ထပ် နေရာဒေသတွေမှာ ကူးစက်ပျံ့နှံ့မှု အများအပြားဖြစ်လာပါ သက်ရောက်မှု ပိုမိုဆိုးရွားလာနိုင်ကြောင်းလည်း IATA က သတိပေးခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၁ ရက် ညပိုင်းအထိ စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၂၄၉ ဦးရှိလာပါတယ် 

(Photo: MediaCorp/CNA)

ထိုအတောအတွင်း ဩစတြေးလျအခြေစိုက် Qantas လေကြောင်းလိုင်းက ဗိုင်းရပ်စ်ကူးစက်မှုက ၎င်းတို့အတွက် အမေရိကန်ဒေါလာ ၉၉ သန်း ဆုံးရှုံးရနိုင်ကြောင်း ပြောထားပါတယ်။ ထို့အတူ ဥရောပမှ Air-France KLM ကလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်ဂယက်ကြောင့် ဖေဖေါ်ဝါရီနဲ့ ဧပြီလကြားကာလမှာ အမေရိကန်ဒေါလာ ၂၁၃ သန်းအထိ ဆုံးရှုံးရနိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ လူ ၂,၂၃၆ ဦး၊ အီရန်မှာ ၄ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၂ ဦး၊ ဟောင်ကောင်မှာ ၂ ဦး၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၂၄၉ ဦးရှိလာပါတယ်။ 

(Photo: Getty Images)

ဖေဖေါ်ဝါရီ ၂၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၅,၆၈၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇,၀၁၈ ဦးရှိပြီး ၁၈,၈၇၀ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က