ဟူဘေးပြည်နယ်မြို့တော် ဝူဟန်မြို့မှာ ဗိုင်းရပ်စ်အသစ်ကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်အတွင်း ယာဥ်အသွားအလာများ ပိတ်ပင်တားမြစ်ထားမယ်လို့ ပြည်နယ်အစိုးရက ဖေဖေါ်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

ပြည်နယ်အတွင်း နေထိုင်သူအားလုံးကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ


(ဝူဟန်မြို့မှ ရှင်းလင်းနေသည့် လမ်းမတစ်နေရာ) (Photo: Reuters)

ဟူဘေးပြည်နယ်အစိုးရက ထုတ်ပြန်မှုအရ ရဲတပ်ဖွဲ့ကားများ၊ အရေးပေါ်လူနာတင်ကားများ၊ အခြေခံလိုအပ်ချက် ကုန်ပစ္စည်းတင်ကားများ သို့မဟုတ် အများပြည်သူဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ကားများမှလွဲပြီး ကျန်ယာဥ်အသွားအလာတွေကို ပိတ်ပင်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်တာဝန်ရှိသူတွေက ပြည်နယ်အတွင်း နေထိုင်သူအားလုံးကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

ပြည်နယ်အတွင်းရှိ ကုမ္ပဏီများအနေနဲ့ အစိုးရထံမှ ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိကြောင်းလည်း ဟူဘေးပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဟူဘေးပြည်နယ်အတွင်း နေထိုင်ကြတဲ့ လူဦး‌ရေ သန်း ၆၀ ကိုလည်း အရေးပေါ်ကိစ္စမှလွဲပြီး နေအိမ်မှာပင် နေထိုင်ကြရန် အာဏာပိုင်တွေက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

(ဝူဟန်မြို့မှာ ပိုးသတ်ဆေးဖြန်းနေမှု) (Photo: AFP)

ဟူဘေးပြည်နယ်မှာ တစ်အိမ်ထောင်လျှင် လူတစ်ဦးသာ သုံးရက်တစ်ကြိမ် အစားအစာနဲ့ အခြေခံလိုအပ်တဲ့ အသုံးအဆောင်များ ဝယ်ယူရန် နေအိမ်အပြင်ထွက်ခွင့်ပေးထားကြောင်း သိရပါတယ်။ ထိုပြည်နယ်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်ပွားနေပြီး ပြည်နယ်မြို့တော် ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်အစိုးရက နိုင်ငံအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနှုန်း သုံးရက်ဆက်တိုက် လျော့ကျသွားခဲ့ကြောင်း ဖေဖေါ်ဝါရီ ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။ ထိုအတောအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှု မည်သို့ဆက်ဖြစ်နေမည်ကို မခန့်မှန်းနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

(ရှင်းလင်းနေသည့် ဟူဘေးပြည်နယ် Xiaogan မြို့မှ လမ်းမတစ်ခု) (Photo: SipaPhoto)

ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၁,၇၆၅ ဦးနဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ပြင်သစ်တို့မှာ ၁ ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၇၇၀ ဦးအထိ ရှိလာပါတယ်။

ဖေဖေါ်ဝါရီ ၁၆ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ အဆိုပါဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၇၁,၁၇၁ ဦးအထိ မြင့်တက်လာပြီး ဆေးကုသမှုဖြင့် ပြန်လည်သက်သာသွားတဲ့ ဗိုင်းရပ်စ်ကူးစက်ခံလူနာ ၉,၈၇၁ ဦးရှိကြောင်းလည်း သိရပါတယ်။ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က