ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၀၀ နီးပါးရှိပြီ ဖြစ်ပါတယ်။

ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက် ၄၁ ဦးအထိ မြင့်တက်လာပြီး ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၁,၄၀၀ နီးပါးရှိလာကြောင်း အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ပြောပါတယ်။

(ကိုယ်အပူချိန် တိုင်းတာစစ်ဆေးနေမှု) (Photo: AFP)

ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့မှာ နောက်ထပ် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က အတည်ပြုထားပါတယ်။ ဗိုင်းရပ်စ်အသစ်ဟာ တရုတ်နိုင်ငံရှိ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ အပါအဝင် နေရာဒေသ ၃၀ ကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ လူသေဆုံးမှုတွေဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှု ထိန်းချုပ်ရန်အတွက် ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) အထိ တရုတ်မှာ မြို့ ၁၃ မြို့ကို အဝင်အထွက် ကန့်သတ်ပိတ်ပင်ထားပြီး ထိုမြို့များမှာ စုစုပေါင်းလူဦးရေ ၄၁ သန်းရှိကြောင်းလည်း သိရပါတယ်။ 



နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် ဇန်နဝါရီ ၂၅ ရက်အထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ လူ ၄၁ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၁,၃၇၂ ဦး အထိ မြင့်တက်လာပါတယ်။ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခဲ့သူတွေအနက် ဆရာဝန်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

(ဝူဟန်မြို့ရှိ ဘူတာရုံတစ်ခုမှာ ပိုးသတ်ဆေးဖြန်းနေစဥ်) (Photo: Sky News)

တရုတ်ပြည်မကြီးနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၁,၄၁၁ ဦး ရှိလာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် လက်ရှိအချိန်အထိ ထိုင်းမှာ ခုနစ်ဦး၊ ဂျပန်မှာ နှစ်ဦး၊ တောင်ကိုရီးယားမှာ နှစ်ဦး၊ ထိုင်ဝမ်မှာ သုံးဦး၊ အမေရိကန်မှာ နှစ်ဦး၊ ဟောင်ကောင်မှာ နှစ်ဦး၊ မကာအိုမှာ နှစ်ဦး၊ စင်ကာပူမှာ သုံးဦး၊ မလေးရှားမှာ သုံးဦး၊ နီပေါမှာ တစ်ဦး၊ ဗီယက်နမ်မှာ နှစ်ဦး၊ ဩစတြေးလျမှာ လေးဦးနဲ့ ပြင်သစ်မှာ သုံးဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

ထိုအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယခုဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရန် စောနေသေးကြောင်း ပြောခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ကို WHO က က Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပါတယ်။

(ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ဆက်နွယ်နေသည့် ဝူဟန်မြို့မှ ဈေးတစ်ခု) (Photo: AP)

ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ မြွေနဲ့ လင်းနို့များမှ ဗိုင်းရပ်စ်ကူးစက်မှု စတင်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပေမဲ့ တာဝန်ရှိသူတွေက အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။

ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဝူဟန်မြို့မှာ လူနာဦးရေ မြင့်တက်လာမှုကြောင့် ကုတင် ၁၀၀၀ ဆေးရုံတစ်ရုံကို အလျင်အမြန် ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံနှံ့မှုကြောင့် တရုတ်မြို့ကြီးအချို့မှာ လူအများအပြား စုဝေးမှုဖြစ်စေတဲ့ နှစ်သစ်ကူးပွဲကဲ့သို့ ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်မယ့် အစီအစဥ်တွေကို ဖျက်သိမ်းထားပါတယ်။


(ရှန်ဟိုင်းမြို့မှာ မျက်နှာဖုံးတပ်ဆင် သွားလာနေကြသူများ) (Photo: Reuters)

ယခုရက်ပိုင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံသားများ ခရီးသွားလာမှု မြင့်တက်လာမှာဖြစ်ရာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ကမ္ဘာတစ်ဝှမ်း နိုင်ငံတွေက တရုတ်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် အစီအစဥ်များ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။

ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။

2019-nCoV ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာအချို့

  • WHO က ရည်ညွှန်းသတ်မှတ်ထားတဲ့ 2019-nCoV ဗိုင်းရပ်စ်ဟာ ယခင်က လူသားတွေမှာ မတွေ့ခဲ့ရဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်ပါတယ်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ် (coronavirus) တွေဟာ ဗိုင်းရပ်စ်အများအပြားပါဝင်တဲ့ အုပ်စုမှဖြစ်ပြီး ယခင်က ထိုအုပ်စုထဲမှ ဗိုင်းရပ်စ်ခြောက်မျိုးသာ လူတွေကို ကူးစက်ခဲ့ဖူးပါတယ်။ ယခု တရုတ်မှာ ကူးစက်ပျံ့နှံ့နေတဲ့ 2019-nCoV ဗိုင်းရပ်စ်က လူတွေကို ကူးစက်တဲ့ ခုနစ်ခုမြောက် ဗိုင်းရပ်စ်ဖြစ်လာပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်ရဲ့ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ခြေ အများဆုံးလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ထိုဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ လျင်မြန်စွာကူးစက်နိုင်ပါတယ်။
  • ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • ဗိုင်းရပ်စ်အသစ်ဖြစ်တာကြောင့် ကာကွယ်ဆေး မရှိသေးပါဘူး။
  • 2019-nCoV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိရိစ္ဆာန်တွေကို အကာအကွယ် မလုပ်ထားဘဲ ထိတွေ့ခြင်း မပြုရန်၊ အသားနဲ့ ဥတွေကို သေချာစွာ ချက်ပြုတ်ကြရန်နဲ့ အအေးမိ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာရှိနေသူတွေနဲ့ အနီးကပ် ထိတွေ့နေထိုင်ခြင်း မပြုရန် အကြံပြုထားပါတယ်။

Source: Reuters, CNA


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က