မတ်လ ၁၈ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

ကနေဒါနဲ့ ရုရှားနိုင်ငံတို့က COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နိုင်ငံခြားသားများဝင်ရောက်မှု ပိတ်ပင်လိုက်ကြောင်း အသီးသီး ကြေညာပါတယ်။

(ကနေဒါဝန်ကြီးချုပ် ထရူဒီ) (Photo: Blair Gable/Reuters)

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီက ၎င်းနိုင်ငံအတွင်းသို့ ကနေဒါနဲ့ အမေရိကန် နိုင်ငံသားများ သို့မဟုတ် အမြဲတမ်း အခြေချနေထိုင်သူများမှလွဲပြီး နိုင်ငံခြားသားဝင်ရောက်မှုကို ပိတ်ပင်ထားမယ်လို့ မတ်လ ၁၆ ရက်က နေအိမ်ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။



ဇနီးဖြစ်သူ ဆိုဖီထံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဝန်ကြီးချုပ်ထရူဒီက နေအိမ်မှာ သီးခြားခွဲနေထိုင်လျက်ရှိပါတယ်။ ကနေဒါနိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်မှုဟာ ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ ရက်) မှာ စတင်သက်ရောက်မယ်လို့ သိရပါတယ်။

(Photo: Carlos Osorio/Reuters)

"တစ်ကယ်လို့ နိုင်ငံခြားရောက်နေတယ်ဆိုရင် အိမ်ပြန်လာဖို့အချိန်ပါပဲ" လို့ ကနေဒါဝန်ကြီးချုပ် ထရူဒီက ပြောပါတယ်။ ဒါ့အပြင် ကနေဒါနိုင်ငံသားများ အနေနဲ့ နောက်ထပ် ထုတ်ပြန်ကြေညာချက်တစ်ခု မထုတ်ပြန်မချင်း မလိုအပ်ဘဲ ခရီးသွားမှုတွေကို ရှောင်ကြဥ်ကြပြီး တတ်နိုင်သမျှ အိမ်မှာပဲနေထိုင်ကြရန်လည်း ဝန်ကြီးချုပ်ထရူဒီက ဖြည့်စွက်ပြောခဲ့ပါတယ်။

ကနေဒါမှာ မတ်လ ၁၆ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၄၁ ဦး စစ်ဆေးအတည်ပြုထားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကနေဒါကဲ့သို့ပင် ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ ရုရှားနိုင်ငံကလည်း နိုင်ငံခြားသားတွေကို ယာယီ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

(Photo: Aleksandr Kondratyuk/Sputnik)

ရုရှားအစိုးရက နိုင်ငံအတွင်းသို့ နိုင်ငံခြားသားဝင်ရောက်မှုကို မတ်လ ၁၈ ရက်မှ မေလ ၁ ရက်နေ့အထိ ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။ ရုရှားက ပြည်ဝင်ခွင့်ပိတ်ပင်မှုမှာ သံတမန်များ၊ အမြဲတမ်း အခြေချနေထိုင်သူများ၊ လေယာဥ်အမှုထမ်းများ၊ နိုင်ငံတကာ ထရပ်ကားမောင်းသူများနဲ့ နာရေးတက်ရောက်သူများ အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။ မတ်လ ၁၆ ရက် ညပိုင်းအထိ ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃ ဦး စစ်ဆေးတွေ့ရှိထားကြောင်း သိရပါတယ်။ ရုရှားမှာ အခမ်းအနားများ ကျင်းပပြုလုပ်မှုကို တားမြစ်ထားပြီး ကျောင်းများလည်း ပိတ်ထားပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။ မတ်လ ၁၆ ရက် ညဥ့်နက်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁၇၇,၆၂၄ ဦးနဲ့ သေဆုံးသူ ၇,၀၄၀ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

Source: RT


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က