ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်မှာ လူ ၄၁ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်မှာ လူသေဆုံးမှုနဲ့ ကူးစက်ခံရမှုတွေ မြင့်တက်လာပြီးနောက် သမ္မတရှီကျင့်ဖျင် ကိုယ်တိုင် သတိပေးပြောကြားလာခဲ့ပါတယ်။

(Photo: AFP)

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး နိုင်ငံဟာ အရေးကြီးတဲ့ အခြေအနေ ရင်ဆိုင်နေရကြောင်း သမ္မတရှီကျင့်ဖျင့်က သတိပေးခဲ့တယ်လို့ အစိုးရသတင်းဌာနက ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်) မှာ ဖော်ပြပါတယ်။ "ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှု မြင်တက်နေတဲ့ အရေးတကြီး အခြေအနေတစ်ရပ် ကြုံနေခဲ့ပါတယ်၊ ဗဟိုက ကွပ်ကဲမှုအားကောင်းဖို့နဲ့ ပါတီဗဟိုကော်မတီ ခေါင်းဆောင်ပိုင်း စည်းလုံးဖို့လိုပါတယ်" လို့ ရှီကျင့်ဖျင်က ပြောခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။



ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ကြောင့် ယနေ့ (ဇန်နဝါရီ ၂၆ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ တရုတ်မှာ လူ ၅၆ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၁,၉၇၅ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့မှာ နောက်ထပ် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်းနဲ့ ကူးစက်ခံရသူ နောက်ထပ် ၆၈၈ ဦး တွေ့ရှိရကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က အတည်ပြုထားပါတယ်။

(Photo: AFP)

ဟူဘေးပြည်နယ် (Hubei) မှာ သေဆုံးသူ ၁၃ ဦးနဲ့ ရှန်ဟိုင်းမြို့မှာ သေဆုံးသူတစ်ဦး ရှိလာပါတယ်။ ဗိုင်းရပ်စ်အသစ်ဟာ တရုတ်နိုင်ငံရှိ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ အပါအဝင် နေရာဒေသ ၃၀ ကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ လူသေဆုံးမှုတွေဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှု ထိန်းချုပ်ရန်အတွက် ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) အထိ တရုတ်မှာ မြို့ ၁၃ မြို့ကို အဝင်အထွက် ကန့်သတ်ပိတ်ပင်ထားကြောင်းလည်း သိရပါတယ်။

တရုတ်ပြည်မကြီးနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၂,၀၀၀ ကျော် (၂,၀၂၃ ဦး) ရှိလာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် လက်ရှိအချိန်အထိ ထိုင်းမှာ ခုနစ်ဦး၊ ဟောင်ကောင်မှာ ခြောက်ဦး၊ မကာအိုမှာ ငါးဦး၊ ဩစတြေးလျမှာ လေးဦး၊ ဂျပန်မှာ လေးဦး၊ မလေးရှားမှာ လေးဦး၊ စင်ကာပူမှာ လေးဦး၊ ပြင်သစ်မှာ သုံးဦး၊ ထိုင်ဝမ်မှာ သုံးဦး၊ အမေရိကန်မှာ သုံးဦး၊ တောင်ကိုရီးယားမှာ နှစ်ဦး၊ ဗီယက်နမ်မှာ နှစ်ဦးနဲ့ နီပေါမှာ တစ်ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယခုဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရန် စောနေသေးကြောင်း ပြောခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ကို WHO က က Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။

(Photo: The Central Hospital Of Wuhan/Reuters)

2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း လူ ၈၀၀ နီးပါး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က