ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်မှာ လူ ၅၆ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှု ပိုမိုအားကောင်းနေပြီး ကူးစက်ခံရသူဦးရေ ပိုများလာနိုင်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ယနေ့ (ဇန်နဝါရီ ၂၆ ရက်) ပြောပါတယ်။

(Photo: Reuters)

ယနေ့အထိ ဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်မှာ လူ ၅၆ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံထားရသူ ၂,၀၅၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြင်ပ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ စစ်ဆေးတွေ့ရှိလာရပြီး ယနေ့အထိ တရုတ်ပြည်မကြီးနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၂,၀၀၀ ကျော် (၂,၁၀၁ ဦး) ရှိလာခဲ့ပါတယ်။



တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့အထိ ထိုင်းမှာ ရှစ်ဦး၊ ဟောင်ကောင်မှာ ခြောက်ဦး၊ မကာအိုမှာ ငါးဦး၊ ဩစတြေးလျမှာ လေးဦး၊ ဂျပန်မှာ လေးဦး၊ မလေးရှားမှာ လေးဦး၊ စင်ကာပူမှာ လေးဦး၊ ပြင်သစ်မှာ သုံးဦး၊ ထိုင်ဝမ်မှာ သုံးဦး၊ အမေရိကန်မှာ သုံးဦး၊ တောင်ကိုရီးယားမှာ သုံးဦး၊ ဗီယက်နမ်မှာ နှစ်ဦးနဲ့ နီပေါမှာ တစ်ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(Photo: AFP)

အာဏာပိုင်တွေအနေနဲ့ ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး သိရှိနားလည်မှုဟာ အကန့်အသတ်ရှိခဲ့ကြောင်းနဲ့ ဗိုင်းရပ်စ်ရဲ့ သန္ဓေပြောင်းလဲမှုတွေကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးအန္တရာယ်များကို အတိအကျ မသိသေးဘူးလို့ တရုတ်ကျန်းမာရေးကော်မရှင် အကြီးအကဲ Ma Xiaowei က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

၎င်းရဲ့အဆိုအရ ဗိုင်းရပ်စ်အသစ်ဟာ ရှင်သန်ပေါက်ပွားရန် တစ်ရက်မှ ၁၄ ရက် ကြာမြင့်နိုင်ရာ ထိုကာလအတွင်း ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးဟာ ရောဂါလက္ခဏာ တစ်စုံတရာ မပြသမီအတွင်း အခြားလူများထံ ကူးစက်နိုင်တာမျိုး ဖြစ်ပါတယ်။ ယခုဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်အတွင်း တရုတ်မှာပင် စတင်တွေ့ရှိခဲ့ရပြီး ကမ္ဘာတစ်ဝှမ်း လူ ၈၀၀ နီးပါး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါ ဗိုင်းရပ်စ်မဟုတ်ကြောင်းလည်း Ma Xiaowei က အတည်ပြုခဲ့ပါတယ်။

တရုတ်မှာ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ထိန်းချုပ်ရန်အတွက် မြို့ ၁၃ မြို့ထက်မနည်းကို သယ်ယူပို့ဆောင်ရေး ရပ်ဆိုင်းပြီး အဝင်အထွက် ပိတ်ပင်ထားမှု၊ ခရီးသွားလာခြင်း ကန့်သတ်မှု၊ လူစုလူဝေးဖြစ်မယ့် ပွဲအခမ်းအနားအစီအစဥ်များ ဖျက်သိမ်းမှုတွေ လုပ်ဆောင်ထားကြောင်းလည်း ၎င်းကဆိုပါတယ်။

တရုတ်နိုင်ငံရှိ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ အပါအဝင် နေရာဒေသ ၃၀ ကို ဗိုင်းရပ်စ်အသစ် ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်ကလည်း နိုင်ငံမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး အရေးတကြီး စိုးရိမ်ဖွယ်အခြေအနေ ရင်ဆိုင်နေရကြောင်း သတိပေးထားပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်အသစ်ကို WHO က က Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ကူးစက်နေမှုတွေ ပိုမိုဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံတစ်ဝှမ်း တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ခြင်းကို အာဏာပိုင်တွေက တားမြစ်မိန့်ထုတ်ပြန်လိုက်ကြောင်းလည်း Reuters သတင်းမှာ ဖော်ပြပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။

ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း လူ ၈၀၀ နီးပါး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က