လတ်တလော လူသေဆုံးမှုနဲ့ ကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားနေတဲ့ ဝူဟန်မြို့မှ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်အကြောင်း ပထဆုံး ထုတ်ဖော်ပြောကြားပြီး လုပ်ဖော်ကိုင်ဖက်တွေကို သတိပေးခဲ့သူ တရုတ်ဆရာဝန်ဟာ ထိုဗိုင်းရပ်စ်ကူးစက်ခံရကာ နာမကျန်းဖြစ်ပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။
(ဒေါက်တာလီဝမ်) (Photo: Weibo)
လီဝမ်လျန်း (Li Wenliang) အမည်ရှိ အဆိုပါ ဆရာဝန်ဟာ ဝူဟန်ဗဟိုဆေးရုံကြီး (Wuhan Central Hospital) မှာ မျက်စိအထူးကုအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ဗိုင်းရပ်စ်အသစ်အကြောင်း လုပ်ဖော်ကိုင်ဖက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့် သတိပေးခဲ့သူဖြစ်ပါတယ်။
ထို့နောက် ရဲတပ်ဖွဲ့က ဒေါက်တာလီကို ဗိုင်းရပ်စ်အကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့မှုအတွက် သတိပေးမှုတွေရှိခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ထိုသတင်းကို ဖုံးကွယ်ထားရန်ကြိုးပမ်းခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ၎င်းကို ပြန်တောင်းပန်ခဲ့ကြောင်း ဒေါက်တာလီရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားထားတယ်လို့ Straits Times သတင်းကဆိုပါတယ်။
(ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သရုပ်ဖော်ပုံ) (Image: Reuters)
ဒေါက်တာလီဟာ ဇန်နဝါရီလ အစောပိုင်းက နာမကျန်းဖြစ်မှုကြောင့် ဆေးရုံတက်ခဲ့ရပြီး နောက်ပိုင်းမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့တယ်လို့ ၎င်းရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် မျက်စိအထူးကုဆရာဝန် ဒေါက်တာလီက ၂၀၀၃ ခုနှစ်မှာ ကူးစက်ဖြစ်ပွားခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရသူ ခုနစ်ဦးကို သတိပြုမိခဲ့ကြောင်း ၎င်းရဲ့ Weibo အကောင့်မှာ ကနဦး သတိပေးရေးသားခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာတော့ ဒေါက်တာလီက ဆိုရှယ်မီဒီယာ chat group တစ်ခုအတွင်း ဗိုင်းရပ်စ်အသစ်အကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့ပြီး ကူးစက်မခံရရန် အကာအကွယ်များ ဝတ်ဆင်ကြဖို့ သတိပေးခဲ့ပါတယ်။ နောက်လေးရက်အကြာမှာ အများပြည်သူလုံခြုံရေးဌာန (Public Security Bureau) က ဒေါက်တာလီဝမ်ကို ဆင့်ခေါ်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ထိုသို့ရေးသားမှုအတွက် ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရပါတယ်။ ထိုစဥ်က ဒေါက်တာလီဝမ် အပါအဝင် လူရှစ်ဦးကို ကောလာဟလများ ဖြန့်ဝေမှုအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။
(ခြောက်ကပ်နေသည့် ဝူဟန်မြို့ မြင်ကွင်းတစ်ခု) (Photo: Reuters)
ဒေါက်တာလီရဲ့ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo အကောင့်မှာ ရေးသားထားမှုတွေအရ ၎င်းဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ချောင်းစဆိုးလာခဲ့ကြောင်း၊ နောက်တစ်ရက်မှာ ကိုယ်ပူချိန်မြင့်တက်လာခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ဆေးရုံတက်ခဲ့ရကြောင်း သိရပါတယ်။ ဇန်နဝါရီ ၃၀ ရက်မှာတော့ ၎င်းထံမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ဝူဟန်မြို့မှာ ကူးစက်မှုစတင်တွေ့ခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ဖေဖေါ်ဝါရီ ၆ ရက် ညပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၅၆၃ ဦး၊ ဟောင်ကောင်မှာ ၁ ဦးနဲ့ ဖိလစ်ပိုင်မှာ ၁ ဦး စုစုပေါင်း ၅၆၅ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၆ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ၂၈,၃၅၃ ဦးရှိပြီး ၁,၃၈၂ ဦးဟာ ဆေးကုသပြီး သက်သာလာခဲ့ကြောင်း သိရပါတယ်။
(ဗိုင်းရပ်စ်အသစ် တွေ့ရှိရသည့် ဝူဟန်မြို့မှ ဈေးတစ်ခု) (Photo: AFP)
ဖေဖေါ်ဝါရီ ၆ ရက် ညပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူများအဖြစ် တရုတ်ပြည်မကြီးမှာ ၂၈,၀၈၈ ဦး၊ ဂျပန်မှာ ၄၅ ဦး၊ စင်ကာပူမှာ ၂၈ ဦး၊ ထိုင်းမှာ ၂၅ ဦး၊ ဟောင်ကောင်မှာ ၂၄ ဦး၊ တောင်ကိုရီးယားမှာ ၂၃ ဦး၊ ထိုင်ဝမ်မှာ ၁၆ ဦး၊ ဩစတြေးလျ ၁၄ ဦး၊ ဂျာမနီမှာ ၁၂ ဦး၊ အမေရိကန်မှာ ၁၂ ဦး၊ မလေးရှားမှာ ၁၂ ဦး၊ ဗီယက်နမ်မှာ ၁၀ ဦး၊ မကာအိုမှာ ၁၀ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ ကနေဒါမှာ ၅ ဦး၊ အာရပ်စော်ဘွားမျာပြည်ထောင်စုမှာ ၅ ဦး၊ အိန္ဒိယမှာ ၃ ဦး၊ အီတလီမှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဖိလစ်ပိုင်မှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ဘယ်လ်ဂျီယံမှာ ၁ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ စပိန်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး စစ်ဆေးအတည်ပြုထားပါတယ်။
(ဝူဟန်မြို့မှ ပြန်ခေါ်လာသည့် အင်ဒိုနီးရှားနိုင်ငံသားအချို့) (Photo: Reuters)
ယမန်နှစ် ဒီဇင်ဘာကုန်က တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။
2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ပါတယ်။ WHO က 2019-nCoV ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။