lockdown ကာလနေ့ရက်တွေက သူတို့အတွက် ကြီးမားတဲ့ အခက်အခဲနဲ့အတူ စိန်ခေါ်မှုဖြစ်လို့နေပါတယ်။

အိန္ဒိယမှာ COVID-19 ရောဂါဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရေးအတွက် တစ်နိုင်ငံလုံးကို သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ပြီး သုံးပတ်ကြာ lockdown လုပ်လိုက်ပါတယ်။

အိန္ဒိယတစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ ၁၃ ဘီလီယံကို အိမ်ထဲမှာပဲနေကြရန် ပြောထားပါတယ်။ ဒါပေမဲ့ နေ့စားဝင်ငွေရ အလုပ်သမား အများအပြားအတွက်တော့ lockdown လုပ်ခြင်းဟာ ရွေးချယ်နိုင်တဲ့ အခွင့်အရေးတစ်ခု မဟုတ်ပါဘူး။



သွားလာလှုပ်ရှားမှုတွေ ပိတ်ပင်ထားပြီး အလုပ်တွေရပ်ဆိုင်းထားမယ့် lockdown ကာလနေ့ရက်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာက သူတို့အတွက် ကြီးမားတဲ့ အခက်အခဲနဲ့အတူ စိန်ခေါ်မှုဖြစ်လို့နေပါတယ်။

Noida မြို့မှ အလုပ်ကြမ်းသမား Chowk က ဆောက်လုပ်နေရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရန် လာရောက်စောင့်ဆိုင်းနေကြသူ ရာနဲ့ချီတဲ့ အမျိုးသားတွေထဲက တစ်ဦးပါ။ ဒေလီမြို့စွန် ဧရိယာထဲက လမ်းဆုံလမ်းခွနေရာဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေက နေ့စား အလုပ်သမားတွေ လာရောက်ရှာဖွေခေါ်ယူကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

တနင်္ဂနွေနေ့ (မတ်လ ၂၂ ရက်) က ကနဦး စမ်းသပ်တဲ့အနေနဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို မနက် ၇ နာရီ ည ၉ နာရီအထိ အိမ်အပြင်မထွက်ရန် ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုနေ့မှာ Chowk တို့လို နေ့စား ဆောက်လုပ်ရေးလုပ်သားတွေကတော့ အလုပ်ရဖို့အတွက် ထုံးစံအတိုင်း သူတို့ စုရပ်နေရာလေးမှာ လာရောက်စောင့်ဆိုင်းခဲ့ကြပါသေးတယ်။

"ကျွန်တော်တို့ကို ဘယ်သူမှ လာငှားမှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အလုပ်လုပ်နိုင်ဖို့ အခွင့်အရေးကို စောင့်နေခဲ့တာပါပဲ" လို့ အူတာပရာဒက်ရှ်ပြည်နယ် ဘန်ဒါခရိုင်မှ အလုပ်ကြမ်းသမား ရာမက်ရှ်ကူမားက ပြောပါတယ်။

"ကျွန်တော်က တစ်နေ့ကို ရူပီး ၆၀၀ (မြန်မာကျပ်ငွေ ၁၁,၀၀၀ ကျော်) ရပါတယ်၊ ကျွန်တော့်မှာ ရှာဖွေကျွေးရတာက လူငါးယောက်ရှိတယ်၊ လာမယ့် ရက်အနည်းငယ်လောက်ဆို ကျွန်တော်တို့မှာ အစားအစာကုန်ပြီလေ၊ ကျွန်တော် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ကလေးတွေ ငတ်နေတာကို ကြည့်မနေနိုင်ဘူးဗျာ" လို့ သူက ဖွင့်ဟခဲ့ပါတယ်။

အိန္ဒိယတစ်နိုင်ငံလုံးမှာ သန်းပေါင်းများစွာရှိတဲ့ အခြား နေ့စားဝင်ငွေရ အလုပ်သမားတွေဟာလည်း အလားတူ အခြေအနေပဲ ဖြစ်ပါတယ်။ မတ်လ ၂၄ ရက် ညသန်းခေါင်မှစပြီး သက်ရောက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံး lockdown လုပ်ထားမယ့် အစီအစဥ်အရ နေ့စားအလုပ်သမားတွေဟာ လာမယ့် သီတင်းသုံးပတ်အတွက် ဝင်ငွေရစရာ မျှော်လင့်ချက်မရှိတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။

အချို့ မိသားစုတွေဟာ လာမယ့် ရက်ပိုင်းအတွင်း အစားအစာ ပြတ်လပ်သွားမယ့် အခြေအနေဖြစ်နိုင်ပါတယ်။ အိန္ဒိယ အလုပ်သမားအင်အားစုရဲ့ အနည်းဆုံး ၉၀ ရာခိုင်နှုန်းဟာ လုံခြုံရေးအစောင့်များ၊ သန့်ရှင်းရေးသမားများ၊ လန်ချားဆွဲသူများ၊ လမ်းဘေးဈေးသည်များ၊ အမှိုက်ကောက်သူများနဲ့ အိမ်အကူများအဖြစ် လုပ်ကိုင်နေကြကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (International Labour Organization - ILO) က ပြောပါတယ်။

ထိုအလုပ်သမား အများစုဟာ ပင်စင်ခံစားခွင့်၊ ဖျားနာခွင့်၊ လစာဖြင့် ခွင့်ယူနိုင်မှု သို့မဟုတ် အာမခံချက် တစ်စုံတရာ မရှိကြပါဘူး။ အများအပြားက ဘဏ်အကောင့်လည်း မရှိကြဘဲ နေ့စားဝင်ငွေအဖြစ်ရရှိလာတဲ့ ငွေသားကိုသာ သူတို့ရဲ့ နေ့စဥ်လိုအပ်ချက်တွေအတွက် မှီခိုအားထားနေကြသူတွေ ဖြစ်ပါတယ်။ အိန္ဒိယမှာ အလုပ်အကိုင်အတွက် ပြည်နယ်တစ်ခုကနေ အခြားတစ်ခုမှာ သွားရောက်အလုပ်လုပ်နေတဲ့ ‌ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတွေလည်း များစွာရှိနေပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတ်မှတ်ကြေညာထားတဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုကလည်း တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေပြီး လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့ အိန္ဒိယအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပြန်ပါတယ်။

လူများ အနီးကပ် ထိတွေ့နေကြခြင်းက ဗိုင်းရပ်စ်ကူးစက်မှုကို ပိုမိုမြင့်တက်နိုင်တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေနဲ့ လူစုလူဝေးမလုပ်ရန် တားမြစ်မိန့်တွေ ထုတ်ပြန်ထားကြပါတယ်။ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းအထိ အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁၉ ဦး၊ ပြန်လည်သက်သာသူ ၄၀ ဦးနဲ့ သေဆုံးသူ ၁၀ ဦးရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁၅,၁၆၅ ဦး၊ ပြန်လည်သက်သာလာသူ ၁၀၉,၁၄၅ ဦးနဲ့ သေဆုံးသူ ၁၈,၅၈၉ ဦးရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတွေဟာ ပိုမိုပြင်းထန်တင်းကျပ်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရန်လိုအပ်ကြောင်း WHO က ပြောထားပါတယ်။

ယခုလက်ရှိ အခြေအနေတွေအရ လူဦးရေများပြားလှတဲ့ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပိုမိုဆိုးရွားမလာစေရေး အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ဆောင်ရန်လည်း လိုအပ်နေပြန်ပါတယ်။ အိန္ဒိယရဲ့ တစ်နေ့လုပ်တစ်နေ့စား နေ့စားဝင်ငွေရ ဆင်းရဲသားလူတန်းစားတွေကတော့ COVID-19 ကူးစက်မခံရမီမှာပင် ငတ်ပြတ်မှုကြောင့် သေသွားနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က