သုံးပတ်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်လက် တိုးလာနေတဲ့ ဗြိတိန်နိုင်ငံမှာ အစိုးရက သီတင်းသုံးပတ်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမယ်လို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

(Photo: AP)

ဗြိတိန်အစိုးရက မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ညွှန်ကြားချက်အရ မရှိမဖြစ် မဟုတ်တဲ့ ဆိုင်များနဲ့ ဝန်ဆောင်မှုလုပ်ငန်းများကို ပိတ်ပင်ထားရန်နဲ့ လူနှစ်ဦးထက်ပိုပြီး စုဝေးမှုမပြုလုပ်ရန် တားမြစ်ထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရုပ်မြင်သံကြားမှတစ်ဆင့် နိုင်ငံကိုပြောခဲ့တဲ့ မိန့်ခွန်းတစ်ရပ်အတွင်း "အိမ်မှာနေပါ" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။



ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်မှာ ငြိမ်းချမ်းနေတဲ့ကာလအတွင်း မကြုံစဖူး စီမံဆောင်ရွက်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ လူအများ အချင်းချင်း တွေ့ဆုံမှုတွေကို လျှော့ချပြီး ခပ်ခွာခွာနေထိုင်ခြင်းက ဗိုင်းရပ်စ်ကူးစက်မှုကို လျော့ကျစေနိုင်ကြောင်း အကြံပြုမှုများအပေါ် အစိုးရက လစ်လျူရှုနေခဲ့ကြောင်း ဝေဖန်မှုတွေရှိလာပြီးနောက် ယခု စီမံဆောင်ရွက်ချက်တွေကို ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Andrew Parsons/10 Downing Street)

"ဒီညနေ (မတ်လ ၂၃ ရက် ညနေ) ကစပြီး ဗြိတိန်ပြည်သူတွေကို အရမ်းရိုးရှင်းတဲ့ ညွှန်ကြားချက်တစ်ရပ် ကျွန်တော်ပေးရမယ်၊ အဲဒါကတော့ အိမ်မှာနေရမှာပဲ ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အရေးအပါအဆုံးကိစ္စက အိမ်ထောင်စုတွေကြားထဲမှာ ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ပစ်ဖို့ပဲ" လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

ဗြိတိန်အစိုးရရဲ့ lockdown စီမံချက်အရ အခြေခံလိုအပ်တဲ့အရာတွေကို ဝယ်ယူရန် အိမ်ပြင်ထွက်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ နေ့စဥ် လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးဝယ်ယူခြင်း၊ အလုပ်အသွားအပြန်လုပ်ခြင်းတို့ကိုလည်း ဆက်လက် ခွင့်ပြုထားမယ်လို့ ဆိုပါတယ်။ သို့သော် အီလက်ထရောနစ်ပစ္စည်း သို့မဟုတ် အဝတ်အထည် အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်များ၊ ကစားကွင်းများနဲ့ ဝတ်ပြုနေရာတွေကိုတော့ ပိတ်ပင်ထားမှာဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
(Photo: PA)

ထို့အတူ မင်္ဂလာပွဲများနဲ့ ခရစ်ယာန်ဘာသာအရ နှစ်ခြင်းမင်္ဂလာပြုမှုတွေကိုလည်း တားမြစ်ပိတ်ပင်ထားမယ်လို့ သိရပါတယ်။ နာရေးအခမ်းအနားတွေကိုတော့ ခွင့်ပြုထားမယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ မတ်လ ၂၃ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ ၆,၆၅၀ ဦး၊ ပြန်လည်သက်သာလာသူ ၁၃၅ ဦးနဲ့ သေဆုံးသူအရေအတွက် ၃၃၅ ဦးရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၃ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၉,၁၆၈ ဦးနဲ့ သေဆုံးသူ ၁၆,၂၈၄ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၀၀,၉၅၈ ဦးဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က