ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ အလျှံပယ်ဖြစ်နေပြီး အမှားတွေပါဝင်နေပါတယ်။

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကူးစက်မှုနဲ့ ပတ်သက်တဲ့ သတင်းမှားများ ပျံ့နှံ့နေခြင်းကို တိုက်ဖျက်ရန်အတွက် အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးများနဲ့ ပူးပေါင်းလုပ်ဆောင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေမှာလည်း သတင်းမှားတွေ ပျံ့နှံ့မှုကို ကန့်သတ်သွားမှာပါ


(Photo: AP)

"လူတွေ အင်တာနက်မှာ ဗိုင်းရပ်စ်အသစ်အကြောင်း ရှာဖွေကြတဲ့အခါ WHO က ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို အပေါ်ဆုံးမှာမြင်နေရဖို့အတွက် ကျွန်တော်တို့ Google နဲ့ ပူးပေါင်းလုပ်ဆောင်ထားပါတယ်" လို့ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့ WHO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

"Twitter, Facebook, Tencent နဲ့ TikTok အပါအဝင် ဆိုရှယ်မီဒီယာတွေမှာလည်း ဒီလို သတင်းမှားတွေ ပျံ့နှံ့မှုကို ကန့်သတ်သွားမှာပါ" လို့ WHO အကြီးအကဲက ဆိုပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကောလာဟလနဲ့ သတင်းမှားတွေ ပျံ့နှံ့မှုက အန္တရာယ်ရှိတယ်လို့ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

(Photo: AFP)

လတ်တလော ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အလျှံပယ်ဖြစ်နေကြောင်းနဲ့ အချို့ဟာ မှန်ကန်မှုရှိပေမဲ့ အချို့ကတော့ အမှားတွေဖြစ်နေကြောင်း WHO က တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) မှာ သတိပေးထားခဲ့ကြောင်းလည်း သိရပါတယ်။

ထိုသို့ သတင်းအချက်အလက်များ အလွန်များပြားနေခြင်းက လူတွေအတွက် သိရှိရန်လိုအပ်လာချိန်မှာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်နဲ့ လမ်းညွှန်ချက်တွေကို ရှာဖွေကြည့်ရှုရန် ခက်ခဲစေကြောင်း WHO က ပြောပါတယ်။ WHO အနေနဲ့ အများပြည်သူရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ ကောလာဟလတွေကို ခွဲခြားဖော်ထုတ်ရန် ၂၄ နာရီ အလုပ်လုပ်နေတဲ့ အဖွဲ့များရှိထားတယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၃ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ကမ္ဘာတစ်ဝှမ်းမှာ ၁၇,၃၈၆ ဦးရှိပါတယ်

(Photo: Getty Images)

ယမန်နှစ် ဒီဇင်ဘာကုန်က တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။

2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ပါတယ်။ WHO က 2019-nCoV ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။

(Photo: AP)

ဖေဖေါ်ဝါရီ ၃ ရက် ညပိုင်းအထိ စာရင်းတွေအရ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ ကမ္ဘာတစ်ဝှမ်းမှာ ၁၇,၃၈၆ ဦးရှိပါတယ်။ ဖေဖေါ်ဝါရီ ၃ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇,၂၀၅ ဦးနဲ့ သေဆုံးသူ ၃၆၁ ဦးသို့ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြင်ပမှာ ပထမဆုံး သေဆုံးမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဝူဟန်မြို့မှ အသက် ၄၄ နှစ်အရွယ် တရုတ်အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၃၆၂ ဦးအထိရှိလာပါတယ်။

Source: AFP

Share

Loading Next Article...
က္က