COIVD-19 ကပ်ရောဂါကြောင့် နှစ်နဲ့ချီကြာ ပိတ်ထားခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံရှိ Phu Quoc အပန်းဖြေကျွန်းကို ကာကွယ်ဆေးထိုးပြီးသူ ပြည်ပခရီးသွားများ လာရောက်နိုင်ရန် ယခုနှစ် နိုဝင်ဘာလနှောင်ပိုင်းမှစပြီး ပြန်ဖွင့်သွားရန်ပြင်ဆင်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဗီယက်နမ်က ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ရတဲ့ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ဆောင်ရွက်နေပါတယ်။ ကမ္ဘောဒီးယားကမ်းလွန် ၆ မိုင်ကျော်အကွာ ထိုင်းပင်လယ်ကွေ့အတွင်းရှိ Phu Quoc ကျွန်းဟာ သဲဖြူကမ်းခြေနဲ့ ကြည်လင်လှတဲ့ရေပြင်၊ တောင်တန်းများနဲ့ ထူထပ်တဲ့တောအုပ်ကြောင့် နိုင်ငံတကာမှ ခရီးသွားများကြား ထင်ရှားကျော်ကြားပါတယ်။
၂၀၁၉ ခုနှစ်က Phu Quoc ကျွန်းကို ခရီးသွား ၆၇၀,၀၀၀ ခန့် လာရောက်ခဲ့ကြပြီး နိုင်ငံတကာခရီးသွားများထံမှ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ဝင်ငွေရရှိခဲ့ပါတယ်။ ဗီယက်နမ်အစိုးရက Phu Quoc ကျွန်းကို ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်း သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာလီကျွန်းကဲ့သို့ ဖြစ်လာစေရန် မျှော်လင့်ထားကြပါတယ်။ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှစပြီး Phu Quoc ကျွန်းသို့ COVID-19 ကာကွယ်ဆေးထိုးပြီးသူ နိုင်ငံတကာခရီးသွားများ အထူးလေယာဥ်ခရီးစဥ်ဖြင့် လာရောက်ခွင့်ပြုသွားမယ်လို့ ဗီယက်နမ်အစိုးရက အောက်တိုဘာ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
(Photo: Reuters)
ထိုနောက်ပိုင်း ဒီဇင်ဘာလကုန်နဲ့ လာမယ့်နှစ် မတ်လကုန်အတွင်းမှာတော့ အလားတူ အထူးလေယာဥ်ခရီးစဥ်ဖြင့် လာရောက်ကြမယ့် ခရီးသွား ၅,၀၀၀ အထိကို လက်ခံသွားမယ်လို့ ဆိုပါတယ်။ Phu Quoc အပန်းဖြေကျွန်းသို့ လာရောက်ကြမယ့် ခရီးသွားတွေဟာ ကာကွယ်ဆေးထိုးပြီးကြောင်းနဲ့ COVID-19 မရှိကြောင်း ဆေးစစ်လက်မှတ်တို့ကို ပြသရန်လိုအပ်မှာ ဖြစ်ပါတယ်။
ထို့အတူ ပြည်ပခရီးသွားတွေဟာ COVID-19 ကာကွယ်ရေးမှာ မှတ်တမ်းကောင်းရှိတဲ့ ဥရောပနေရာအချို့၊ အရှေ့အလယ်ပိုင်း၊ အရှေ့မြောက်အာရှ၊ အရှေ့တောင်အာရှ၊ မြောက်အမေရိကနဲ့ ဩစတြေးလျကဲ့သို့ နေရာများမှ လာရောက်သူတွေ ဖြစ်သင့်ကြောင်းလည်း ဗီယက်နမ်အာဏာပိုင်တွေက ပြောပါတယ်။ ယခင်က Phu Quoc ကျွန်းကို အောက်တိုဘာလအတွင်း နိုင်ငံတကာ ခရီးသွားများ ပြန်လည်လာရောက်ခွင့်ပြုရန် ဗီယက်နမ်အစိုးရက စီစဥ်ခဲ့ပေမဲ့ ဒေသခံများကြား ကာကွယ်ဆေးထိုးမှုနှုန်း နိမ့်နေခဲ့တာကြောင့် အစီအစဥ်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်က ထင်ရှားကျော်ကြားတဲ့ UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနစ်စာရင်းဝင် နေရာဖြစ်တဲ့ Ha Long Bay နဲ့ Hoi An ရှေးဟောင်းမြို့ကဲ့သို့ ခရီးသွားနေရာတွေကိုလည်း နိုဝင်ဘာလမှစပြီး ပြည်ပခရီးသွားတွေအတွက် ပြန်ဖွင့်ရန်ဆန္ဒရှိကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပေမဲ့ အစီအစဥ်ကို အတိအကျ ပြောထားခြင်း မရှိပါဘူး။ ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၈၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၁,၅၀၀ ဝန်းကျင်ရှိခဲ့ပြီး နိုင်ငံလူဦးရေ သန်း ၁၀၀ မှာ ၂၀ ရာခိုင်နှုန်းအောက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။