လာမယ့်နှစ် ဇွန်လမှာ ဗီယက်နမ်ရဲ့ ခရီးသွားနေရာအားလုံး ပြန်ဖွင့်ရန် ရည်ရွယ်ထားပါတယ်

အရှေ့တောင်အာရှဒေသတွင်း ဗီယက်နမ်နိုင်ငံက လာမယ့် ဒီဇင်ဘာလမှစပြီး အဓိက ခရီးသွားနေရာတွေကို COVID-19 ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေ လာရောက်လည်ပတ်ရန် ပြန်ဖွင့်တော့မယ်လို့ ဆိုပါတယ်။

လာမယ့်နှစ် ဇွန်လမှာ ခရီးသွားနေရာအားလုံး ပြန်ဖွင့်ရန် ရည်ရွယ်ထားပြီး ထိုကာလမတိုင်မီ အဓိက ခရီးသွားနေရာတွေကို ကာကွယ်ဆေးထိုးပြီးသူတွေ လာရောက်နိုင်မယ်လို့ ဗီယက်နမ်အစိုးရက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။ ဗီယက်နမ်က ကပ်ရောဂါ စတင်ဖြစ်ပွားစဥ် နယ်စပ်တွေကို တင်းကျပ်စွာ ထိန်းချုပ်ပိတ်ပင်ထားခဲ့ပြီး ရောဂါကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရေး အစောပိုင်းမှာ အောင်မြင်မှုရခဲ့ပါတယ်။



သို့သော် ဗီယက်နမ်ရဲ့ ခရီးသွားလုပ်ငန်းကတော့ ကပ်ရောဂါကြောင့် ထိခိုက်မှုများစွာရှိခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဟာ ဗီယက်နမ် GDP (gross domestic product) ရဲ့ ၁၀ ရာခိုင်နှုန်းခန့်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ဗီယက်နမ်အစိုးရက အပန်းဖြေကျွန်း Phu Quoc ကို ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအတွက် နိုဝင်ဘာလမှစပြီး ပြန်ဖွင့်သွားမယ်လို့ ကြေညာထားပါတယ်။

(Photo: Reuters)

ယခုအခါ UNESCO ကမ္ဘာ့အမွေအနစ်စာရင်းဝင် နေရာဖြစ်တဲ့ Ha Long Bay နဲ့ Hoi An ၊ ကုန်းမြင့်ဒေသမြို့ Dalat နဲ့ ကမ်းခြေနေရာ Nha Trang တို့ကိုလည်း ဒီဇင်ဘာလမှစပြီး COVID-19 ကာကွယ်ဆေးထိုးပြီးသူတွေ လာရောက်လည်ပတ်နိုင်ရန် ပြန်ဖွင့်သွားမယ်လို့ ဗီယက်နမ်အစိုးရက ကြေညာလိုက်တာ ဖြစ်ပါတယ်။

"အမှန်တစ်ကယ် ဘေးကင်းစိတ်ချရတဲ့အချိန်မှသာ ပြန်ဖွင့်တာဖြစ်ပါတယ်၊ သတိထားပြီး တစ်ဆင့်ချင်းသွားပါမယ်၊ ဒါပေမဲ့ ကပ်ရောဂါရဲ့ လက်တွေ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အလျှော့အတင်း ဆောင်ရွက်သွားမှာပါ" လို့ ဗီယက်နမ်အစိုးရက ကြေညာချက်မှာ ပြောထားပါတယ်။

(Photo: Reuters)

အိမ်နီးချင်း ထိုင်းနိုင်ငံက ခရီးသွားနေရာတွေ ပြန်ဖွင့်ရန်စီစဥ်လာခဲ့ပြီးနောက် ဗီယက်နမ်ကလည်း အလားတူ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကလည်း ကာကွယ်ဆေးထိုးပြီးတဲ့ ခရီးသွားတွေ လာရောက်လည်ပတ်နိုင်တဲ့ နေရာတွေကို ထပ်တိုးလိုက်ကြောင်း ပြောထားပါတယ်။ ဗီယက်နမ်နိုင်ငံကို နိုင်ငံခြားခရီးသွားများ လာရောက်မှုဟာ ၂၀၁၉ ခုနှစ်မှာ ၁၈ သန်းရှိခဲ့ရာမှ ယမန်နှစ်မှာတော့ ၃.၈ သန်းအထိ ထိုးကျသွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရရှိခဲ့ရာ ဗီယက်နမ် GDP ရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ဗီယက်နမ်က COVID-19 ကာကွယ်ဆေးထိုးမှုကို အရှိန်မြှင့်ရန် ကြိုးပမ်းနေပြီး လက်ရှိအချိန်အထိ နိုင်ငံလူဦးရေ ၉၈ သန်းအနက် ၁၃ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးထိုးပေးပြီးဖြစ်ရာ အာရှဒေသတွင်း ကာကွယ်ဆေးထိုးမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွေအနက် ပါဝင်နေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က