ဗိုလ်လုပွဲမှာ ၂-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဖြစ် ဒီနေ့မှာ မြန်မာနဲ့ ဗီယက်နမ်တို့ ကစားခဲ့ရာမှာ မြန်မာအသင်းဟာ အုပ်စုတွင်းရှုံးကြွေးကို ပြန်မဆပ်နိုင်ခဲ့ဘဲ ဗိုလ်လုပွဲမှာ ထပ်မံအရေးနိမ့်ခဲ့ကာ ငွေတံဆိပ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်မှာ ထိုင်းကို အံ့အားသင့်ဖွယ်ရာ အနိုင်ရမှုနဲ့အတူ ဗိုလ်လုပွဲတက်ခဲ့တဲ့ မြန်မာဟာ ဗီယက်နမ်ကိုတော့ အရှုံးပေးခဲ့ရပါတယ်။ 


ပွဲချိန် ၁၁ မိနစ်မှာကတည်းက ဗီယက်နမ်က အဖွင့်ဂိုးသွင်းခဲ့လို့ မြန်မာအသင်း ရုန်းကန်ခဲ့ရပါတယ်။ ဒီဂိုးကို ပြန်လည်ချေပဖို့ ကြိုးစားခဲ့ပေမယ့် ဗီယက်နမ်ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဗီယက်နမ်ကလည်း အဆိုပါဂိုးရပြီးနောက် နောက်ထပ်ဂိုးမသွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ ၁-၀ နဲ့ ပြီးဆုံးခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ မြန်မာက ပွဲအရှိန်မြှင့်တင်ခဲ့ပေမယ့်် တိုက်စစ်ပိုင်း အချိန်အဆက်မမိသလို တဦးချင်းအားနည်းချက်တွေကြောင့် ဂိုးရဖို့ ဝေးနေခဲ့ရပါတယ်။ မိနစ် ၇၀ ကျော်မှာတော့ ဗီယက်နမ်က အမှတ်မထင်ဘဲ ဒုတိယဂိုးရသွားခဲ့ပါတယ်။ ညာတောင်ပံကနေ ထိုးဖောက်လာရင်း အပြင်းကန်သွင်းချက်က ဂိုးဝင်သွားခဲ့တာလို့ ၂-၀ နဲ့ ဦးဆောင်ခဲ့ကာ အနိုင်ရဖို့အတွက် သေချာသွားခဲ့ပါတယ်။ 


မြန်မာအမျိုးသမီးအသင်းအနေနဲ့ ထိုင်းနဲ့ပွဲတုန်းက ပုံစံမျိုးကို ပြန်မရခဲ့ဘဲ တိုက်စစ်ဆင်မှုအပိုင်းက အများကြီးအားနည်းသွားခဲ့ပါတယ်။ ဒါကြောင့် ဗီယက်နမ်က ပွဲကို ကောင်းကောင်းထိန်းချုပ်သွားခဲ့ကာ အခွင့်အရေးရချိန်မှာ ဂိုးရအောင် သွင်းပြီး အနိုင်ဂိုးတွေ ရယူသွားခဲ့ပါတယ်။ မြန်မာအမျိုးသမီးအတွက်တော့ ဒီတကြိမ် ဆီးဂိမ်းက ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတော့တယ်။ 


Share

Loading Next Article...
က္က