တတိယနေရာလုပွဲမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဒီနေ့ညနေပိုင်းမှာ မြန်မာယူ-၂၂ နဲ့ ဗီယက်နမ် ယူ-၂၂ တို့ကစားခဲ့ပြီး ဗီယက်နမ်က ဂိုးပြတ်အနိုင်ရကာ တတိယကြေးတံဆိပ်ကို ဆွတ်ခူးသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ ဗီယက်နမ်ကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ပြီး တဦးချင်းအရရော၊ ကစားကွက်ပိုင်းမှာပါ ကွာဟချက်ကြီးမားနေခဲ့ပါတယ်။ 


ဗီယက်နမ်က အခွင့်အရေးရတိုင်းမှာ အသုံးချနိုင်ခဲ့ပြီး ဂိုးတွေသွင်းနိုင်ခဲ့ပေမယ့် မြန်မာအသင်းကတော့ အပိုင်အခွင့်အရေးရဖို့အတွက်ကိုပဲ တော်တော်လေးအားထုတ်နေခဲ့ရပါတယ်။ ပထမပိုင်းမှာပဲ ဗီယက်နမ်က နံပါတ် ၁၃ ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပွဲကို ဦးဆောင်နေခဲ့ကာ မြန်မာအသင်းကတော့ ချေပဂိုးပြန်မသွင်းနိုင်ခဲ့ဘဲ နောက်ကလိုက်ကစားခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ မြန်မာက ကြိုးစားခဲ့ပေမယ့် ဗီယက်နမ်ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ ဗီယက်နမ်က နောက်ထပ်တဂိုးထပ်သွင်းခဲ့လို့ ၃-၀ ဖြစ်ခဲ့ကာ ပွဲအဖြေက ပြီးသလောက်ရှိသွားခဲ့ရပါတယ်။ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့လို လျင်မြန်တဲ့ ကစားဟန်နဲ့ အသင်းတွေနဲ့တွေ့တိုင်း ဂိုးပြတ်အရေးနိမ့်နေခဲ့ပြီး ပြိုင်ဘက်တိုက်စစ်ကို ခံစစ်ပိုင်းက လုံလုံလောက်လောက် မကာကွယ်နိုင်ခဲ့ပါဘူး။ 

ပွဲပြီးခါနိးမှာ မြန်မာတို့ ခေါင်းတိုက်ချေပဂိုးတဂိုး ပြန်ရခဲ့လို့ ၃-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ဆီးဂိမ်းမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ခဲ့ပေမယ့် ဆုတံဆိပ်ရယူနိုင်ခြင်းမရှိခဲ့ဘဲ ဆီမီးအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ ဒီနေ့ည ၇ နာရီမှာ ကစားမှာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ထိုင်းတို့ ကစားမှာဖြစ်လို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတပွဲကို ကြည့်ရှုရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က