ဗီယက်နမ်မှာ COVID-19 စည်းမျဥ်းစည်းကမ်းတွေ ချိုးဖောက်ပြီး ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့စေမှုဖြင့် အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဗီယက်နမ်တရားရုံးက ကြားနာစစ်ဆေးမှုအရ Le Van Tri အမည်ရှိ အမျိုးသားဟာ အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါကို လူ ၈ ဦးထံ ကူးစက်စေခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးဟာ နောက်ဆုံးမှာ သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ထိုအမျိုးသားဟာ ဇူလိုင်လအတွင်းက ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေတဲ့ ဟိုချီမင်းမြို့ကနေ ၎င်းရဲ့ ဇာတိပြည်နယ် Ca Mau သို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ၎င်းထံကနေ အခြားလူတွေထံ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
(Le Van Tri အမည်ရှိ အမျိုးသား) (Photo: Reuters)
ဗီယက်နမ်တောင်ပိုင်း Ca Mau ပြည်နယ်ဟာ ဟိုချီမင်းထက် COVID-19 ကူးစက်မှုနှုန်း လျော့နည်းခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် Le Van Tri ဟာ Ca Mau ကို ရောက်ရှိခဲ့စဥ် ၂၁ ရက်ကြာ နေအိမ်မှာပဲနေထိုင်ရမယ့် COVID-19 စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ခဲ့ကြောင်းနဲ့ ဇူလိုင် ၇ ရက်နေ့က ၎င်းထံမှာ COVID-19 ကူးစက်မှု စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
"Le Van Tri ရဲ့ နေအိမ်မှာနေရမယ့် ကျန်းမာရေးစည်းမျဥ်းကို ချိုးဖောက်မှုက လူအများအပြား COVID-19 ကူးစက်ခံခဲ့ရပြီး ဩဂုတ် ၇ ရက်မှာ တစ်ယောက် သေဆုံးခဲ့ရတယ်" လို့ တရားရုံးသို့တင်ပြချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံပိုင်သတင်းစာတွေက ပြောကြားမှုအရ Le Van Tri ကြောင့် လူ ၈ ဦး COVID-19 ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ဗီယက်နမ်ဟာ ယမန်နှစ်မှာ ကူးစက်မှုအရေအတွက် နည်းပါးအောင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပေမဲ့ ယခုအခါမှာတော့ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးကို ရင်ဆိုင်နေရပြီး စုစုပေါင်း ကူးစက်ခံရသူ ၅၄၀,၀၀၀ နဲ့ သေဆုံးသူ ၁၃,၀၀၀ ကျော် ရှိလာခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု အများစုဟာ ဧပြီလကုန်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဗီယက်နမ်ရဲ့မြို့တော် ဟနွိုင်းနဲ့ စီးပွားရေးအချက်အချာ ဟိုချီမင်းမြို့တွေကို ပြီးခဲ့တဲ့ လအနည်းငယ်ရဲ့ ရက်အများစုမှာ တင်းကျပ်တဲ့ lockdown သတ်မှတ်ထားခဲ့ပါတယ်။
ဗီယက်နမ်မှာ COVID-19 ကူးစက်ပျံ့နှံ့စေမှုအတွက် ထောင်ဒဏ်ချမှတ်မှုတွေ ယခင်ကလည်း လုပ်ဆောင်ခဲ့ရာ မတ်လအတွင်း ဗီယက်နမ်လေကြောင်းလိုင်းမှ လေယာဥ်အမှုထမ်းတစ်ဦးကို ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်နဲ့ ဇူလိုင်လအတွင်း Hai Duong မြို့မှ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ကြောင်း သိရပါတယ်။