ဆိုရှယ်မီဒီယာပေါ်မှာ အစိုးရဆန့်ကျင်မှုနဲ့ သက်ဆိုင်တဲ့ ရေးသားဖော်ပြမှုတွေကို တိုးမြှင့်ဖိအားပေးနေပါတယ်။

ဗီယက်နမ်မှာ အစိုးရကိုဆန့်ကျင့်တဲ့ Facebook ပို့စ်များ ရေးသားခဲ့မှုဖြင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ယမန်နေ့ (ဧပြီ ၂၈ ရက်) က ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်ပါတယ်။

(Photo: Reuters)

သဘောထားတင်းမာတဲ့ ကွန်မြူနစ်အစိုးရက ဆိုရှယ်မီဒီယာပေါ်မှာ အစိုးရဆန့်ကျင်မှုနဲ့ သက်ဆိုင်တဲ့ ရေးသားဖော်ပြမှုတွေကို တိုးမြှင့်ဖိအားပေးနေတာ ဖြစ်ပါတယ်။ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေပြီး လွတ်လပ်တဲ့ မီဒီယာအားလုံးကို လုပ်ကိုင်ခွင့်ပိတ်ပင်ထားတဲ့ ဗီယက်နမ်မှာ Facebook အသုံးပြုမှု အလွန်များပြားပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေက သတင်းဖြန့်ဖြူးရန် မကြာခဏ သုံးလေ့ရှိကြပါတယ်။



ထောင်ဒဏ်ငါးနှစ်ချမှတ်ခံတဲ့ အသက် ၂၄ နှစ်အရွယ် Phan Cong Hai ဟာ ၂၀၁၆ ခုနှစ်အတွင်း အဆိပ်သင့် အမှိုက်ပုံကိစ္စနဲ့ အခြား အငြင်းပွားဖွယ်ကိစ္စများကို အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် ထောင်ကျနေတဲ့ တက်ကြွလှုပ်ရှားသူတွေကို အားပေးထောက်ခံကြောင်း Facebook မှာ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဗီယက်နမ်အလယ်ပိုင်း Nghe An ပြည်နယ်ရှိ တရားရုံးတစ်ရုံးက Phan Cong Hai ကို ပါတီနဲ့နိုင်ငံတော်ကို ဆန့်ကျင့်ပြီး ဗဟိုနဲ့ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကို အသရေဖျက်တဲ့ Facebook ပို့စ်များအတွက် ထောင်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အစိုးရသတင်းစာက ဖော်ပြပါတယ်။

Phan Cong Hai ရေးသားထားတဲ့ Facebook ပို့စ်တွေဟာ ပါတီနဲ့ နိုင်ငံတော်ရဲ့ မူဝါဒတွေကို ဆန့်ကျင်တုံ့ပြန်ထားတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်တောင်ပိုင်း Can Tho မြို့မှာ နောက်ထပ် အသက် ၄၃ နှစ်အရွယ် အမျိုးသားကိုလည်း အလားတူ ပြစ်မှုကျူးလွန်မှုကြောင့် ဧပြီ ၂၇ ရက်နေ့က ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ကြောင်း သတင်းက ဖော်ပြထားပါတယ်။

(Photo: Reuters)

Chung Hoang Chuong အမည်ရှိ ထိုအမျိုးသားက ဟနွိုင်းမြို့မှာ ဖြစ်ပွားနေတဲ့ မြေပိုင်ဆိုင်မှု အငြင်းပွားမှုတစ်ခုနဲ့ ပတ်သက်ပြီး သတင်းအချို့ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ ယခု ပြစ်ဒဏ်များချမှတ်ခံရတဲ့ ဗီယက်နမ်အမျိုးသားနှစ်ဦးရဲ့ Facebook အကောင့်တွေကို ဧပြီ ၂၈ ရက် ညပိုင်းအထိ တွေ့နေရဆဲဖြစ်ကြောင်း AFP သတင်းက ပြောပါတယ်။

ဗီယက်နမ်အစိုးရရဲ့ အွန်လိုင်းအကြောင်းအရာတွေကို စိစစ်ဖြတ်တောက်ပိတ်ပင်မှုမှာ Facebook က ပူးပေါင်းပါဝင်နေကြောင်း လူ့အခွင့်အရေးအုပ်စု Amnesty International က ဝေဖန်ထားပါတယ်။ Amnesty International ရဲ့ အဆိုအရ ဗီယက်နမ်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ၎င်းတို့ရဲ့ Facebook ပေါ်မှ ပို့စ်များကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က