VFF THANHNIEN Newspaper Cup ဖိတ်ခေါ်ပြိုင်ပွဲရဲ့ ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၂၁အသင်းဟာ ကိုရီးယားနိုင်ငံက ဂင်မဲအက်ဖ်စီအသင်းနဲ့ ဒီနေ့မှာ ကစားခဲ့ရာမှာလည်း ရှုံးနိမ့်သွားခဲ့ပါတယ်။ ပထမပွဲမှာ အိမ်ရှင်ဗီယက်နမ်လူငယ်အသင်းကို (၅-၂)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းအတွက် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပြီလည်း ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ မြန်မာအသင်းက လူစာရင်းပိုင်းအနည်းငယ်သာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အဓိကကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ကိုရီးယားအသင်းကတော့ မြန်မာအသင်းက အနည်းငယ်ထွားကျိုင်းပြီး အသင်းလိုက်ကစားပုံ နဲ့ တစ်ဦးချင်းခြေစွမ်းတို့မှာလည်း အနည်းငယ် အသာစီးရရှိခဲ့ပြီး ဒီနေ့ပွဲကို လိုချင်တဲ့ အနိုင်ရလာဒ်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်ခဲ့ပြီး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲက ကြည့်လို့ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရရှိဖို့အတွက်တော့ နှစ်သင်းလုံးမှာ အားနည်းချက်တွေရှိနေခဲ့ပြီး ဘယ်အသင်းမှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ မြန်မာအသင်း ကစားပုံအနည်းငယ်ကောင်းမွန်ခဲ့ပြီး ကိုရီးယားကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အနိုင်ဂိုးရခဲ့တာက ကိုရီးယားအသင်းဖြစ်ပြီး မိနစ် (၇၀)မှာ ဂိုးဧရိယာထဲက အပိုင်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ မြန်မာအသင်း နောက်တန်းလူတွေ တားဆီးပုံနဲ့ လူကပ်ကစားပုံ အားနည်းမှုကြောင့် ပေးခဲ့ရတာဖြစ်ပြီး ကိုရီးယားကစားသမားက လူကပ်ခံရခြင်းမရှိတဲ့အနေအထားမှာ အပိုင်ကန်သွင်းသွားခဲ့တာပါ။
မြန်မာအသင်းကတော့ နောက်ဆုံးပွဲအဖြစ် မလေးရှားအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲနဲ့တော့ လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အဆင့်တစ်ခုရောက်ဖို့အတွက် မြန်မာ ယူ-၂၁အသင်း ရည်ရွယ်ခဲ့ပေမယ့်လည်း နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့မှုကြောင့် မျှော်လင့်ခဲ့သလိုတော့ ဖြစ်မလာခဲ့ပါဘူး။