မတ်လ ၂၇ မှာ ထိုင်းယူ-၁၉အသင်းနဲ့ ဆက်လက်ကစားရမှာ ဖြစ်ပြီး အာဆီယံ ယူ-၁၉နဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲ တွေ ကစားဖို့ ရည်ရွယ်ပြင်ဆင်နေတာပါ။
ဗီယက်နမ် နိုင်ငံက ဖိတ်ခေါ်ကျင်းပနေတဲ့ နိုင်ငံတကာ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဒီကနေ့မှာတော့ တရုတ် ယူ-၁၉ အသင်းနဲ့ ကစားရပါတယ်။ မြန်မာ ယူ-၁၉ အသင်းအနေနဲ့ အာရှ အင်အားကြီး တရုတ် ယူ-၁၉ အသင်းကို ပထမပိုင်းမှာ ဂိုးမရှိ သရေ ကစားနိုင်ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ပေးဂိုးတွေ ခွင့်ပြုခဲ့ရပြီး ပွဲအပြီးမှာ ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ပထမပွဲတုန်းကလည်း အိမ်ရှင် ဗီယက်နမ်ကို ဦးဆောင်ဂိုးရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ခွင့်ပြုလိုက်ရ လို့ ၂-၁ ဂိုးနဲ့ အရေး နိမ့်ထားတာကြောင့် အခုပွဲက မြန်မာအသင်းအတွက် ၂ ပွဲဆက် အရှုံး ဖြစ်ခဲ့ပါတယ်။ မြန်မာယူ-၁၉ အသင်းကို နည်းပြချုပ်ဦးစိုးမြတ်မင်းက တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပြီး အာဆီယံ ယူ-၁၉နဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်တဲ့အနေနဲ့ အခုလို ဖိတ်ခေါ်ပွဲကို သွားရောက်ကစားနေ တာလို့လည်း သိထားရပါတယ်။အခု ကျင်းပနေတဲ့ဗီယက်နမ် ဖိတ်ခေါ်ပွဲကတော့ အိမ်ရှင်ဗီယက်နမ်၊မြန်မာ၊ထိုုင်းနဲ့တရုတ်တို့က ယူ-၁၉ အသင်းတွေ ပါဝင်ကစားနေကြတာ ဖြစ်ပြီး လေးသင်းပတ်လည် ပုံစံမှာ အုပ်စုအောက်ဆုံး ၂သင်းက တတိယနေရာနဲ့အုပ်စု ထိပ်ဆုံး၂ သင်းက ဗိုလ်လုပွဲအသွင် ထပ်မံ ကစားရမှာပါ။
မြန်မာအသင်းကတော့ အုပ်စု နောက်ဆုံးပွဲအဖြစ် လာမယ့် မတ်လ ၂၇ မှာ ထိုင်းယူ-၁၉ အသင်းနဲ့ ဆက်လက်ကစားရပါမယ်။ ထိုင်းယူ-၁၉ အသင်းကတော့ ဒီကနေ့ညနေမှာ အိမ်ရှင် ဗီယက်နမ်နဲ့ ကစားဖို့ ရှိပြီး အဖွင့်ပွဲမှာ တရုတ် ယူ-၁၉ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူထားပါတယ်။