ကူးစက်မှုတွေဟာ ဒါနန်းအပြင် ဗီယက်နမ်ရှိ မြို့နဲ့ပြည်နယ် ရှစ်ခုထက်မနည်းမှာ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ဒါနန်းမြို့မှ လတ်တလော COVID-19 ကူးစက်ဖြစ်ပွားမှုတွေဟာ ဇူလိုင်လ အစောပိုင်းကတည်းက စတင်ခဲ့တယ်လို့ အစိုးရက ဩဂုတ် ၄ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ (SAR-CoV-2) ကူးစက်ခံရသူ ဖော်ထုတ်တွေ့ရှိခြင်း မရှိဘဲ အစောပိုင်းကတည်းက ကူးစက်ပျံ့နှံ့နေနိုင်မှုအပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ "COVID-19 ကူးစက်ခံရတဲ့ လူနာတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေဆီကနေ ဓာတ်ခွဲနမူနာ ၅,၀၀၀ ကို ပဋိပစ္စည်းစစ်ဆေးမှုအရ ဒါနန်းမြို့မှ ကူးစက်မှုတွေဟာ ဇူလိုင်လ အစောပိုင်းကတည်းက စတင်ခဲ့ကြောင်း ကောက်ချက်ချရပါတယ်" လို့ National Institute of Hygiene and Epidemiology ရဲ့ ညွှန်ကြားရေးမှူး Dang Duc Anh က အစိုးရထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



အစောပိုင်း COVID-19 ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်မှာ ဒါနန်းမြို့မှ ကူးစက်မှုအသစ်များ ပြန်တွေ့လာရပြီးနောက် ဩဂုတ် ၄ ရက်အထိ ကူးစက်ခံရသူ ၆၇၀ ဦးနဲ့ သေဆုံးသူ ၈ ဦးရှိပြီလည်း ဖြစ်ပါတယ်။ ဗီယက်နမ်မှာ COVID-19 ပြည်တွင်းကူးစက်မှု မရှိတော့ဘဲ ရက် ၁၀၀ ကြာခဲ့ပြီးနောက် ဇူလိုင် ၂၅ ရက်နေ့မှာတော့ ဒါနန်းမြို့မှာ ကူးစက်မှုအသစ်တွေ ပြန်တွေ့လာခဲ့ရပါတယ်။

(Photo: AFP)

ထိုအချိန်မှစပြီး ကူးစက်ခံရသူ ၂၀၀ တိုးလာခဲ့ရာ အများစုဟာ ဒါနန်းမြို့မှာ ဖြစ်ပါတယ်။ COVID-19 ကူးစက်မှုတွေဟာ ဒါနန်းအပြင် ဟနွိုင်းနဲ့ ဟိုချီမင်းမြို့များ အပါအဝင် အခြား မြို့နဲ့ ပြည်နယ် ရှစ်ခုထက်မနည်းမှာ ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။ ထိုနေရာတွေမှာ ကူးစက်မှုထိန်းချုပ်ရန် ဖျော်ဖြေရေးနေရာများ ပိတ်ထားပြီး လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

COVID-19 ကူးစက်မှုတွေကြောင့် ဒါနန်းမြို့နဲ့ အလယ်ပိုင်းကုန်းမြင့်ရှိ Buon Ma Thuot မြို့ကို lockdown လုပ်ထားကြောင်းလည်း သိရပါတယ်။ ဗီယက်နမ်အစိုးရ ပြောခွင့်ရအမျိုးသားကတော့ တစ်နိုင်ငံလုံးကို lockdown လုပ်သွားရန် အစီအစဥ်မရှိဘူးလို့ တနင်္လာနေ့ (ဩဂုတ် ၃ ရက်) မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ဟနွိုင်းမြို့မှာ ကူးစက်မှုအသစ် ဖြစ်ပွားနေစဥ်အတွင်း လူအများအပြားကို စစ်ဆေးရန် COVID-19 အမြန်စစ်ဆေးကိရိယာများ ပြတ်လပ်နေတယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ်။ ဗီယက်နမ်မှာ ဩဂုတ် ၄ ရက်နေ့ ထုတ်ပြန်မှုအရ ထပ်တိုးလာတဲ့ ကူးစက်ခံရမှု အများစုဟာ ဒါနန်းမြို့နဲ့ ဆက်နွယ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ ဒါနန်းမြို့မှာ လူဦးရေ ၁၃၃,၀၀၀ ကို အသွားအလာကန့်သတ်ထားပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းဟာ ၎င်းတို့နေအိမ်များမှာ အသွားအလာကန့်သတ် နေထိုင်လျက်ရှိပါတယ်။ ဇူလိုင် ၈ ရက်နေ့မှစပြီး ဒါနန်းမြို့မှ ဟနွိုင်းမြို့သို့ ပြန်လည်ရောက်ရှိလာသူ ၈၈,၀၀၀ ကျော်ရှိခဲ့ပြီး ၇၀,၆၈၉ ဦးကိုသာ COVID-19 စစ်ဆေးခဲ့ပြီးကြောင်းနဲ့ နှစ်ဦးမှာ ကူးစက်ခံထားရမှု တွေ့ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က