ဒါနန်းမြို့မှာ ကူးစက်ခံခဲ့ရတဲ့ အသက် ၇၀ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာ COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုရှိလာကြောင်း အစိုးရသတင်းဌာနက ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောပါတယ်။

(Photo: Reuters)

ဗီယက်နမ်မှာ COVID-19 ကြောင့် ပထမဆုံး သေဆုံးသူဟာ အသက် ၇၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယနေ့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ ဒါနန်းမြို့မှာ ကူးစက်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဗီယက်နမ်မှာ ရက် ၁၀၀ ကြာ ကူးစက်မှုမရှိခဲ့ဘဲ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒါနန်းမြို့မှာ ပထမဆုံးအကြိမ်း ကူးစက်မှုအသစ် ပြန်တွေ့လာခဲ့ရပါတယ်။



ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်မှုအရ ကူးစက်ခံရသူအသစ် ၈၂ ဦ စစ်ဆေးတွေ့ရှိခဲ့ပြီး ၂၆ ဦးဟာ ပြည်ပကူးစက်မှုတွေလို့ ဆိုပါတယ်။ ဗီယက်နမ်မှာ သောကြာနေ့က ကူးစက်မှုအသစ် တွေ့ရှိရမှုဟာ တစ်ရက်အတွင်း အများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ ကူးစက်မှုအသစ်အားလုံးဟာ ဒါနန်းမြို့မှ ကူးစက်ဖြစ်ပွားမှုနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဒါနန်းမြို့မှာ ကူးစက်မှုအသစ်များ ပြန်တွေ့လာရပြီးနောက် ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာ ၅၄၆ ဦး ရှိလာခဲ့ပါတယ်။ လူဦးရေ ၉၅ သန်းကျော်ရှိတဲ့ ဗီယက်နမ်ဟာ ယနေ့ သေဆုံးမှုမတိုင်မီအထိ လူဦးရေထူထပ်များပြားပေမဲ့ COVID-19 ကြောင့် သေဆုံးသူမရှိခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့ပါတယ်။

ဒါနန်းမြို့မှာ ကူးစက်မှုအသစ်များ ပြန်မတွေ့ရမီအထိ ဗီယက်နမ်မှာ ရက် ၁၀၀ ကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့ကြောင်းလည်း သိရပါတယ်။ ကူးစက်မှုအသစ် ပြန်တွေ့လာရပြီး ဗီယက်နမ်အစိုးရက ကူးစက်မှုထိန်းချုပ်ရေး တင်ကျပ်တဲ့ အစီအမံတွေ ပြင်ဆင်ဆောင်ရွက်နေပါတယ်။

(Photo: EPA)

ကူးစက်မှုအသစ် ပထမဆုံး ပြန်တွေ့ရတဲ့ ဒါနန်းမြို့ကို တင်းကျပ်တဲ့ lockdown အစီအမံများဖြင့် အသွားအလာ ပိတ်ပင်ကန့်သတ်ထားကြောင်းလည်း သိရပါတယ်။ လူဦးရေ ၁.၁ သန်းရှိ ဒါနန်းမြို့ကို လေယာဥ်ခရီးစဥ်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အဝင်အထွက်အားလုံး ၁၅ ရက်ကြာ ရပ်ဆိုင်းထားပါတယ်။ လက်ရှိ ကူးစက်မှုအခြေအနေဟာ မတ်လအတွင်း ဗီယက်နမ်မှာ ကြုံခဲ့ရတဲ့ ကူးစက်မှုဒုတိယလှိုင်းနဲ့ မတူဘဲ နိုင်ငံရဲ့ ပြည်နယ်တိုင်း၊ မြို့တိုင်းဟာ ကူးစက်မှုအန္တရာယ်ရှိတယ်လို့ ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က