ဗီယက်နမ် ပြည်နယ်နဲ့ ဒေသ ၆၃ ခုလုံးမှာ ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေကြောင်းလည်း သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အာဖရိကဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေမှုကို ထိန်းချုပ်ဟန့်တားရန်အတွက် ဝက်အကောင်ရေ ၄.၇ သန်းကို သုတ်သင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ (စက်တင်ဘာ ၆ ရက်) ပြောပါတယ်။

(Photo: Reuters)

ဗီယက်နမ် ပြည်နယ်နဲ့ ဒေသ ၆၃ ခုလုံးမှာ ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေကြောင်းလည်း သိရပါတယ်။ ဝက်တုပ်ကွေးဖြစ်ပွားမှုကို ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ရကြောင်းနဲ့ ကာကွယ်ဆေးမရှိတာကြောင့် ထိန်းချုပ်ဟန့်တားရန် ခက်ခဲတယ်လို့ တိရိစ္ဆာန်ကျန်းမာရေးဌာန အကြီးအကဲ Pham Van Dong က ပြောပါတယ်။



"ကျွန်တော်တို့ ဝက်အကောင်ရေ ၄.၇ သန်းဝန်းကျင်ကို သုတ်သင်ခဲ့ပါတယ်၊ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနက ပြည်နယ် ဒေသ ၆၃ ခုလုံးနဲ့ မြိုကြီးတွေမှာ ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေတာ အတည်ပြုထားပါတယ်" လို့ Pham Van Dong က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Reuters)

လူဦးရေ ၉၆ သန်းရှိတဲ့ ဗီယက်နမ်မှာ စုစုပေါင်း အသားစားသုံးမှုရဲ့ လေးပုံသုံးပုံဟာ ဝက်သားဖြစ်ပါတယ်။ ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးမှာ မွေးမြူကြတဲ့ ဝက်တွေကို ပြည်တွင်းမှာ စားသုံးကြကြောင်းလည်း သိရပါတယ်။ ဗီယက်နမ်မှာ ဝက်မွေးမြူမှုဟာ ယမန်နှစ် ဒီဇင်ဘာလမှစပြီး ယခုနှစ် ဇူလိုင်လကုန်အထိ ၁၈.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး တစ်နိုင်ငံလုံးမှာ ဝက်အကောင်ရေ ၂၂.၂ သန်းသို့ လျော့နည်းသွားခဲ့ပါတယ်။

ဗီယက်နမ် ဝက်မွေးမြူရေးလုပ်ငန်းဟာ တစ်နှစ်လျှင် တန်ဖိုးအားဖြင့် ၉၄ ထရီလီယံ ဒေါင်ငွေ (အမေရိကန်ဒေါ်လာ ၄ ဘီလီယံ) သို့မဟုတ် နိုင်ငံ စိုက်ပျိုးရေးကဏ္ဍရဲ့ ၁၀ ရာခိုင်နှုန်း ပမာဏလည်း ဖြစ်ပါတယ်။ ဝက်မွေးမြူးရေးကို အကောင်းဆုံး ကာကွယ်ရန်နည်းလမ်းမှာ စိုက်ပျိုးမွေးမြူရေးခြံ သန့်ရှင်းမှုဖြစ်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Phung Duc Tien က Ho Chi Minh City Law သတင်းစာကို ပြောပါတယ်။

(Photo: Reuters)

"စိုက်ပျိုးမွေးမြူရေးမှာ ဇီဝလုံခြုံမှု လုပ်ဆောင်တာက ဒီနှစ်ကုန်ပိုင်းမှာ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ပြည့်မီဖို့ အကူအညီဖြစ်မှာပါ၊ ပြီးတော့ ဝက်သားဈေးနှုန်းကိုလည်း ထိန်းချုပ်နိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်" လို့ Phung Duc Tien က ဆိုပါတယ်။ အာရှဒေသအတွင်း အာဖရိကဝက်တုပ်ကွေး ဖြစ်ပွားမှုကို ကမ္ဘာ့အကြီးဆုံး ဝက်သားထုတ်လုပ်ရာ နိုင်ငံဖြစ်တဲ့ တရုတ်မှာ ယမန်နှစ်က ပထမဆုံး တွေ့ရှိခဲ့ရပါတယ်။ ဝက်တုပ်ကွေးဖြစ်ပွားမှု တွေ့ရှိရပြီးနောက် တရုတ်နိုင်ငံရဲ့ ဝက်မွေးမြူမှုဟာလည်း ယခုနှစ် ဇူလိုင်လမှာ ယမန်နှစ် အလားတူကာလကထက် ၃၂.၂ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က