ယခုအချိန်အထိတော့ "ဒယ်လ်တာပလပ်စ်" က ရောဂါပိုမိုပြင်းထန်စေကြောင်း အထောက်အထား မရှိသေးပါဘူး

"ဒယ်လ်တာပလပ်စ်" လို့ အချို့က ခေါ်‌‌ဝေါ်နေကြတဲ့ မျိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ပုံမှန် ဒယ်လ်တာ (Delta) ထက် ပိုမိုလွယ်ကူစွာ ကူးစက်ပျံနှံ့နိုင်ဖွယ်ရှိကြောင်း ဗြိတိန်ကျွမ်းကျင်သူတွေက ပြောပါတယ်။

UK Health Security Agency (UKHSA) က "ဒယ်လ်တာပလပ်စ်" ("Delta Plus") ကို လေ့လာနေဆဲ ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် သတ်မှတ်လိုက်ပါတယ်။ ယခုအချိန်အထိတော့ "ဒယ်လ်တာပလပ်စ်" က ရောဂါပိုမိုပြင်းထန်စေကြောင်း အထောက်အထား မရှိသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို COVID-19 ကနေ ကောင်းစွာကာကွယ်ပေးနိုင်ကြောင်းလည်း သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။



ဗြိတိန်မှာ COVID-19 ကူးစက်ခံရမှု အများစုဟာ ပုံမှန်ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေမဲ့ "ဒယ်လ်တာပလပ်စ်" သို့မဟုတ် AY.4.2 ကူးစက်မှုတွေလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးထုတ်ပြန်ထားတဲ့ တရားဝင်အချက်အလက်တွေအရ COVID-19 ဖြစ်ပွားမှု ၆ ရာခိုင်နှုန်းဟာ "ဒယ်လ်တာပလပ်စ်" ဖြစ်ကြောင်း သိရပါတယ်။ ထိုဗိုင်းရပ်စ်သစ်ဟာ လက်ရှိ ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိနိုင်ပုံမရဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

(Photo: UKHSA)

အစောပိုင်း အထောက်အထားအရ ဗြိတိန်မှာ ကူးစက်မှုနှုန်းဟာ ဒယ်လ်တာနဲ့ နှိုင်းယှဥ်လျှင် ပိုမိုမြင့်မားနိုင်တယ်လို့ ဆိုပါတယ်။ "လတ်တလော လပိုင်းထဲ ဗြိတိန်မှာ ကူးစက်မှုတွေ တိုးလာနေတယ်၊ ဒယ်လ်တာနဲ့ နှိုင်းယှဥ်ကြည့်ရင် ကူးစက်မှုနှုန်း ပိုမြင့်မားတယ်ဆိုတာ အစောပိုင်း အထောက်အထားအရ တွေ့ရှိရပါတယ်" လို့ UKHSA က ပြောပါတယ်။

သို့သော် "ဒယ်လ်တာပလပ်စ်" ကို ဒယ်လ်တာကဲ့သို့ စိုးရိမ်စရာ ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် လက်ရှိအချိန်အထိ မသတ်မှတ်ထားကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ် ထောင်နဲ့ချီ ပျံ့နှံ့ရှိနေခဲ့ပါတယ်။ ဗိုင်းရပ်စ်တွေရဲ့ သဘောသဘာဝအရ အချိန်နဲ့အမျှ ဗီဇပြောင်းနေကြရာ ဗီဇပြောင်းဗိုင်းရပ်စ်သစ်များ တွေ့ရှိလာရခြင်းက အံ့ဩစရာမဟုတ်ဘူးလို့ ဆိုပါတယ်။

Share

Loading Next Article...
က္က