၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ရောဂါအကြောင်းကို စတင်သိရှိခဲ့ရပေမဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

Black Panther ဇာတ်ကားနဲ့အတူ လူသိများကျော်ကြားခဲ့တဲ့ အမေရိကန်မင်းသား ချတ်ဒ်ဝစ်ဘော့စ်မန်း (Chadwick Boseman) ဟာ အူမကြီးကင်ဆာရောဂါဖြင့် ဩဂုတ် ၂၈ ရက်နေ့မှာ ကွယ်လွန်သွားကြောင်း ၎င်းရဲ့ မိသားစုက ပြောပါတယ်။

(Photo: CNN)

အသက် ၄၃ နှစ်အရွယ် မင်းသားဟာ လော့စ်အိန်ဂျလိစ်မြို့ရှိ နေအိမ်မှာ သူ့ရဲဘေးမှာ ဇနီးနဲ့ မိသားစုတွေရှိနေစဥ် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မင်းသားဘော့စ်မန်းဟာ ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ရောဂါအကြောင်းကို စတင်သိရှိခဲ့ရပေမဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ခြင်း မရှိဘဲ အနုပညာအလုပ်တွေ ဆက်လုပ်နေခဲ့ပါတယ်။ ဘော့စ်မန်းဟာ ရောဂါခံစားနေရမှု သည်းခံပြီး ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတွေ ကြိုးစားရိုက်ကူးခဲ့တယ်လို့ မိသားစုက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Marvel)

Marshall ကနေ Da 5 Bloods အထိ၊ နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ma Rainey's Black Bottom ရုပ်ရှင်ဇာတ်ကားတွေကို ဘော့စ်မန်းဟာ မရေမတွက်နိုင်တဲ့ ခွဲစိတ်ကုသမှုများနဲ့ ဓာတုကုထုံး ခံယူနေရစဥ် ကာလအတွင်းမှာ ကြိုးစားရိုက်ကူးသွားခဲ့ပါတယ်။ Black Panther ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရမှုဟာ ဘော့စ်မန်းအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဘော့စ်မန်း ကွယ်လွန်ကြောင်းကို သူ့ရဲ့ တရားဝင် Twitter အကောင့်မှာလည်း သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဘော့စ်မန်းဟာ အမေရိကန် ဘေ့စ်ဘောကစားသမား ဂျက်ကီရော်ဘင်ဆန် (Jackie Robinson) ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားပြီး ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 42 ဇာတ်ကားမှာ အဓိကဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။ ထို့နောက် ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Get on Up ဇာတ်ကားမှာလည်း အဆိုတော် ဂျိမ်းစ်ဘရောင်း (James Brown) အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။

မင်းသားဘော့စ်မန်းကို ရုပ်ရှင်ပရိသတ်တွေ အမှတ်အရဆုံး ဖြစ်ခဲ့ကြတာကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Black Panther ဇာတ်ကားမှာ ဝါကန်ဒါဘုရင် T'Challa အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုပဲ ဖြစ်ပါတယ်။ Black Panther ဟာ အော်စကာဆုအတွက် အဆိုပြုခံရတဲ့ ပထမဆုံး စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ဘော့စ်မန်းဟာ ရုပ်ရှင်ဇာတ်ကား ၁၅ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က