ခေတ်တစ်ခေတ်တော့ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ကစပြီး BlackBerryOS သုံး ဖုန်းတွေနဲ့ SMS တောင် ပို့လို့ရတော့မှာ မဟုတ်ပါဘူး။

၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့ အကျော်ကြားဆုံးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ BlackBerry ရဲ့ ခေတ်တစ်ခေတ် အဆုံးသတ်သွားပြီလို့ ဆိုရမှာပါ။ Ars Technica ရဲ့ သတင်းအရ BlackBerry ဟာ BlackBerryOS နဲ့ BlackBerry 10 သုံး ထုတ်ကုန်တွေကို Support ပေးမှု ရပ်တော့မယ်လို့ ဖော်ပြထားပါတယ်။ 


Photo: arstechnica

အခုလို Support ပေးမှု ရပ်ဆိုင်းလိုက်တာကြောင့် classic BlackBerry ဖုန်းတွေမှာ ဖုန်းတစ်လုံးရဲ့ အခြေခံလုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ဖုန်းခေါ်တာ ၊ မက်ဆေ့ပို့တာတွေတောင် လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အခု အပြောင်းအလဲဟာ Android စနစ်သုံး BlackBerry ဖုန်းတွေပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

BlackBerry အနေနဲ့ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ကစပြီး BlackBerryOS support ပေးမှု တရားဝင် ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့ နောက်ပိုင်းကစပြီး BlackBerry 7.1OS နဲ့ အရင်ဗားရှင်းများ ၊ BlackBerry 10 ဆော့ဖ်ဝဲလ် ၊ BlackBerry PlayBook OS 2.1 နဲ့ အစောပိုင်းဗားရှင်းများမှာ ဖုန်းခေါ်ခြင်း ၊ ဒေတာသုံးခြင်း ၊ SMS ပို့ခြင်းနဲ့ အရေးပေါ် ခေါ်ဆိုခြင်းတွေပါ သုံးမရတာမျိုး ဖြစ်လာနိုင်ပါတယ်။

BlackBerry ဟာ iPhone မပေါ်ခင်က စမတ်ဖုန်းဈေးကွက်ကို ကြီးစိုးခဲ့တဲ့ ထိပ်တန်းဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ စတိဗ်ဂျော့စ်က ပထမဆုံး iPhone ကို ကြေညာချိန်မှာ BlackBerry ထုတ်လုပ်တဲ့ RIM ကုမ္ပဏီ အမှုဆောင်အရာရှိတွေက Apple ရဲ့ ပထမဆုံးထုတ်ကုန်ကို လှောင်ပြောင်ခဲ့ကြပြီး ဝယ်သူတွေဟာ touch screen နဲ့ virtual keyboard တစ်ခုပါတဲ့ စမတ်ဖုန်းမျိုး လိုချင်ကြမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ 

Photo: 9to5mac


ဒါပေမယ့်လည်း iPhone ဟာ မယုံနိုင်လောက်အောင် အကြီးအကျယ် အောင်မြင်သွားခဲ့ပြီး ပထမဆုံး iPhone ထုတ်တဲ့ နှစ်မှာတင် BlackBerry ရဲ့ ဈေးကွက်တန်ဖိုးလည်း သိသိသာသာကြီး ထိုးကျသွားခဲ့ပါတယ်။ ဒီနောက်မှာ Samsung ကလည်း touch screen ဖုန်းတွေ ထုတ်ပြီး Apple ကို အမှီလိုက်ခဲ့ပါတယ်။ BlackBerry အနေနဲ့ စမတ်ဖုန်း ထုတ်ဖို့ ဆုံးဖြတ်လာတဲ့အချိန်မှာ အရာအားလုံး အလွန်ပဲ နောက်ကျကျန်နေခဲ့ပြီ ဖြစ်ပါတယ်။

Android နဲ့ iOS ပဲ ကျန်နေခဲ့တဲ့ စမတ်ဖုန်းဈေးကွက်မှာ BlackBerryOS ဆိုတာ လေထဲက ပြာတစ်ဆုပ်လို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သလို BlackBerry ထုတ်ကုန်အကြောင်း သင်ခန်းစာတွေကလည်း စီးပွားရေးလောကမှာ အလေးအနက် သင်ကြားစရာ ဖြစ်လာခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က