Warcraft စီးရီးနဲ့လူသိများတဲ့ Blizzard ကုမ္ပဏီဟာ သူတို့ရဲ့ နောက်လာမယ့် ဂိမ်းအသစ်တွေကို Blizzcon 2019 ပွဲမှာ ချပြလာခဲ့ပါပြီ။

  မြန်မာနိုင်ငံမှာ Warcraft စီးရီးနဲ့လူသိများတဲ့ Blizzard Entertainment ဟာ ကမ္ဘာ့အကြီးဆုံး အမေရိကန်အခြေစိုက် ဂိမ်းကုမ္ပဏီတွေထဲက တစ်ခုပါ။ Blizzard အမှတ်တံဆိပ်အောက်မှာ Heroes of the Storm, Diablo စီးရီး, Hearthstone, Starcraft, Overwatch နဲ့ Warcraft စီးရီး စတဲ့ ဂိမ်းတွေပါဝင်ပြီး ဂိမ်းအားလုံးနီးပါးဟာ ယနေ့လက်ရှိအချိန်အထိ အောင်မြင်မှုများစွာရရှိနေတဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။


         ဂိမ်းကုမ္ပဏီကြီးဖြစ်တာနဲ့အညီ သူတို့ရဲ့ပရောဂျက်အသစ်တွေ ဂိမ်းအသစ်တွေကို ရိုးရိုးတန်းတန်း ထုတ်ပြန်လေ့မရှိဘဲ တစ်နှစ်တစ်ခါ ဂိမ်းပြပွဲကြီးတစ်ခုလုပ်ကာ ကြေညာလေ့ရှိပါတယ်။ အဲဒီဂိမ်းပြပွဲကိုပေးထားတဲ့ နာမည်ကတော့ Blizzcon ပါပဲ။

         Blizzcon ကို ၂၀၀၅ ခုနှစ်ကတည်းကစပြီး တစ်နှစ်မှမပျက်ဘဲ ကျင်းပလာလိုက်တာ ၂၀၁၉ ခုနှစ်အထိတောင် ရောက်လို့လာခဲ့ပါပြီ။ Blizzcon 2019 ကို နိုဝင်ဘာလ အစပိုင်းလေးမှာတင် ကျင်းပသွားခဲ့ပြီး အဲဒီပွဲကြီးမှာ Blizzard ဘက်က ဘာတွေကြေညာခဲ့လဲဆိုတာကို မသိသေးတဲ့သူတွေအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။


HEARTHSTONE


        ဒီနှစ်ရဲ့ Blizzcon မှာတော့ Blizzard ဘက်က သူတို့ရဲ့ နာမည်ကျော် Card Game ဖြစ်တဲ့ Hearthstone ဂိမ်းနဲ့ပတ်သတ်ပြီး အသစ်ထွက်ရှိသွားဖို့ရှိတဲ့ ပရောဂျက် ၂ ခုကို ကြေညာခဲ့ပါတယ်။

         ပထမတစ်ခုကတော့ Hearthstone ဂိမ်းရဲ့ Expansion ဖြစ်တဲ့ Descent of the Dragon ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Expansion ဆိုတဲ့အတိုင်း ကစားသူက ပိုက်ဆံပေးဝယ်ယူရမှာဖြစ်ပြီး လက်ရှိမှာတော့ Pre-Purchase ပြုလုပ်ခွင့်ပေးထားပါတယ်။


        ဒုတိယတစ်ခုကတော့ Hearthstone Battlegrounds ပဲဖြစ်ပါတယ်။ Blizzard က ဒီနှစ်ထဲမှာခေတ်စားလာတဲ့ Auto Chess လို ကိုယ်ပိုင် Auto Battler ဂိမ်းမျိုးကိုထုတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ပုံပါပဲ။ Auto Chess လို့သာ အလွယ်ဆိုလိုက်ပေမယ့် Auto Chess နဲ့တူတာဆိုလို့ တစ်ပွဲမှာ ကစားသမား ၈ ဦးပါတာနဲ့ Turn-based ဂိမ်းဖြစ်တာပဲ တူပါတယ်။

         Hearthstone Battlegrounds မှာ Auto Chess ကလို ကျားကွက်ပါမှာမဟုတ်သလို Hero တွေကိုလည်း အကောင်လိုက်မြင်ရမှာမဟုတ်ဘဲ Card တွေအတိုင်းသာမြင်ရမှာပါ။ Playable Hero ၂၃ ကောင်ပါဝင်လာမှာဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာ Beta ဗားရှင်းကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


DIABLO IV

        မနှစ်ကကျင်းပခဲ့တဲ့ Blizzcon 2018 မှာ ကြေညာခဲ့တဲ့ Diablo စီးရီးထဲကဂိမ်းအသစ် Diablo Immortal ဟာ မိုဘိုင်းဂိမ်းဖြစ်နေခဲ့တာကြောင့် စောင့်မျှော်နေတဲ့ပရိသတ်တွေ တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် Blizzard က သူတို့ရဲ့ Diablo ပရိသတ်တွေကို ချွေးသိပ်ဖို့အတွက် ဒီနှစ်မှာ Diablo IV ကို Cinematic Trailer နဲ့အတူ ကြေညာခဲ့ပါတယ်။


         အသစ်ထွက်ရှိလာမယ့် Diablo IV ဟာ အရင်ဂိမ်းတွေထက် ပိုပြီးကြမ်း၊ ပိုပြီး ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းမယ်လို့ ဆိုပါတယ်။ PvP စနစ်ကို စထွက်ကတည်းက ထည့်သွင်းပေးထားမှာဖြစ်ပြီး World Boss ကြီးတွေကို တခြားကစားသမားတွေနဲ့ ပူးပေါင်းပြီးတိုက်ခိုက်နိုင်အောင်လည်း ပြုလုပ်ပေးထားမှာပါ။ PC, PS4 နဲ့ XBOX One တို့မှာဆော့ကစားနိုင်မှာဖြစ်ပြီး ဂိမ်းထွက်ရှိမယ့်ရက်ကိုတော့ အတိအကျမကြေညာသေးပါဘူး။




WORLD OF WARCRAFT: SHADOWLANDS

        World of Warcraft ရဲ့ ၇ ခုမြောက် Expansion ဖြစ်တဲ့ Shadowlands ကိုလည်း Cinematic Trailer နဲ့အတူ Blizzcon 2019 မှာ မိတ်ဆက်ခဲ့ပါတယ်။


         ၂၀၂၀ ခုနှစ်ထဲမှာထုတ်ပေးဖို့ လျာထားပေမယ့် ကစားချင်သူတွေအနေနဲ့ အခုကတည်းက Preorder တင်ထားနိုင်မှာပါ။ ဈေးနှုန်းတွေကတော့ Base Edition 39.99$, Heroic Edition 59.99$, Epic Edition 79.99$ တို့ပဲဖြစ်ပါတယ်။ World of Warcraft: Shadowlands ရဲ့ Trailer ကိုတော့ (https://www.youtube.com/watch?time_continue=1&v=s4gBChg6AII&feature=emb_title) ကိုသွားရောက်ပြီး ကြည့်ရှုနိုင်ပါတယ်။




OVERWATCH 2

        ၂၀၁၆ ခုနှစ်ရဲ့ Game Of The Year ဆုပိုင်ရှင် Overwatch ရဲ့ Sequel ဖြစ်တဲ့ Overwatch 2 ကိုလည်း Blizzcon 2019 မှာကြေညာသွားခဲ့ပါသေးတယ်။ Overwatch 2 မှာ Map အသစ်တွေပါမယ်၊ Hero အသစ်တွေပါမယ်၊ ဂရပ်ဖစ်တွေကိုလည်း အဆင့်မြှင့်ထားမယ့်အပြင် ဇာတ်လမ်းသွားပုံစံဆော့ကစားရမယ့် PvE Mode ပါ ပါဝင်သွားမှာပဲဖြစ်ပါတယ်။



        Overwatch 1 လက်ဝယ်ရှိသူတွေအနေနဲ့ Overwatch 2 ရဲ့ PvE Mode ကလွဲလို့ ကျန်တဲ့ Feature တွေကိုအကုန်လုံးကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ Blizzard က ဆိုပါတယ်။ ဒါ့အပြင် Overwatch 1 မှာရရှိခဲ့တဲ့ Cosmetic Item တွေကိုလည်း Overwatch 2 ကိုသယ်သွားနိုင်မှာပါ။


         Blizzard ဟာ Overwatch 2 မှာပါဝင်လာမယ့် Hero အသစ် ၂ ကောင်ကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။ သူတို့ကတော့ Echo လို့ခေါ်တဲ့ စက်ရုပ်နဲ့ ကနေဒါနိုင်ငံသူ Sojourn တို့ပဲဖြစ်ပါတယ်။ Blizzard ကတော့ ဂိမ်းထဲမှာပါဝင်မယ့် Feature တွေကိုသာ မိတ်ဆက်သွားပေမယ့် ဂိမ်းထွက်ရှိမယ့်ရက်ကိုတော့ အရိက်အမြွက်လေးတောင် မပြောကြားခဲ့တာကြောင့် ပရိသတ်တွေကတော့ လည်ပင်းရှည်ရှည်နဲ့စောင့်နေရဦးမှာ အသေအချာပါပဲ။


Written by Myo Thant Kyaw

Share

က္က