မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ မြူးနစ်မြို့မှာ တရားဝင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ စပိန်နိုင်ငံမှာ နွေရာသီအားလပ်ရက်အဖြစ် အနားယူနေပါတယ်။ ဒီလိုမျိုး အနားယူနေသည့်တိုင် မာနေးကတော့ သူ့ရဲ့တဦးချင်းလေ့ကျင့်ခန်းတွေကို ပျက်ကွက်ခဲ့ခြင်းတော့ မရှိပါဘူး။
မာနေးဟာ ဘောလုံးကွင်းထဲမှာ ဘောလုံးနဲ့တယောက်တည်းပဲ လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပြီး အပေါ်ပိုင်းဗလာကျင်းဖြစ်နေတဲ့ မာနေးရဲ့ ကြွက်သားတွေကလည်း တော်တော်လေးကို အထင်ကြီးလေးစားဖို့ကောင်းတဲ့ အနေအထားတရပ်မှာရှိနေပါတယ်။ အရင်တည်းက ကစားသမားတွေဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းသွားခဲ့ပြီးနောက်ပိုင်း ခန္ဓာကိုယ်ကြွက်သားအနေအထား အံ့အားသင့်ဖွယ် တိုးတက်လာခဲ့ကြပါတယ်။
အနီးစပ်ဆုံးအနေနဲ့ ဂေါ်ရက်ဇ်ကာ၊ အငှားလာကစားခဲ့တဲ့ ကော်တင်ဟိုတို့ရဲ့ ခန္ဓာကိုယ်ကြွက်သားတွေက တော်တော်လေးကို တောင့်တင်းသန်မာလာခဲ့တယ်လို့ ပရိသတ်တွေက သုံးသပ်ခဲ့ပြီး အခုမာနေးလည်း ဒီလမ်းစဥ်ကိုလိုက်သွားခဲ့ပြီလို့ဆိုနေကြပါတယ်။ မာနေးရဲ့ အခုဓာတ်ပုံတွေမတိုင်ခင်တည်းက ပရိသတ်တွေဟာ မာနေးမျက်နှာကို အဒမ်မာထရာအိုရေးနေရာမှာ ဖိုတိုရှော့နဲ့ အစားထိုးပြီး နောက်ပြောင်နေခဲ့ကြပါသေးတယ်။
အသက် (၃၀) အရွယ် ဆီနီဂေါတိုက်စစ်ကစားသမားက လာမယ့်ဇူလိုင်အကုန်အထိ ဘိုင်ယန်မြူးနစ်နဲ့ ပူးပေါင်းဖို့ မလိုအပ်ပါဘူး။ အသင်းဘက်က မာနေးကို သြဂုတ်မှသာ စတင်ပူးပေါင်းစေမှာဖြစ်ပြီး ကစားသမားရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့ မျှော်လင့်ထားတယ်လို့ သိရှိရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ မာနေးအတွက် ယူရို (၃၂) သန်း လီဗာပူးထံပေးချေခဲ့ရပြီး အပိုဆုကြေးတွေပါဝင်မယ်ဆိုရင်တော့ ယူရို (၄၂) သန်းအထိ ရောက်ရှိသွားမှာပါ။ မာနေးဟာ လီဗာပူးနဲ့အတူ ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ဂျာမန်မြေကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ (၂၀၂၅) အထိ စာချုပ်ချုပ်ဆိုထားပါတယ်။