မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ညာတောင်ပံကစားသမား ဗလင်စီယာကို တစ်ပတ်အတွင်း ရောင်းထုတ်သွားဖို့ရှိနေတယ်လို့ The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ မန်ယူနဲ့ဗလင်စီယာတို့စာချုပ်သက်တမ်းဟာ ရာသီကုန်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာစိုးလို့ မန်ယူအသင်းက ထုတ်ရောင်းဖို့စီစဉ်နေတာပါ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ညာနောက်ခံလူ ဗလင်စီယာကို ခေါ်ယူဖို့ ဖူလ်ဟမ်နဲ့နယူးကာဆယ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ဟာ ချယ်လ်ဆီးကစားသမား ဗစ်တာမော့ဆက်ကိုခေါ်ယူမှုအဆင်မပြေပြီးနောက်မှာ ဗလင်စီယာကို ခေါ်ယူဖို့ စိတ်ဝက်စားလာတာပါ။ အသက် ၃၃နှစ်အရွယ် ဗလင်စီယာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ဗလင်စီယာကို ဒီတစ်ပတ်အတွင်းမှာပဲရောင်းထုတ်ဖို့စီစဉ်နေတယ်လို့ The Sun ကဖော်ပြထားပါတယ်။
ဗလင်စီယာကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတွေစိတ်ဝင်စားနေပေမယ့် တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းကျော်က အဟန့်အတားဖြစ်နေကြပါတယ်။ ဗလင်စီယာဟာ ဒီနှစ်ဘောလုံးရာသီမှာမန်ချက်စတာယူနိုက်တက်အသင်းအတွက် ငါးပွဲသာပွဲထွက်ကစားခွင့်ရထားလို့ အသင်းပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေပါတယ်။
အီကွေဒေါလက်ရွေးစင်ကစားသမား ဗလင်စီယာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘရာဇီးကလပ် နေစီယွန်နယ်အသင်းမှာစတင်ခဲ့ပြီး လာလီဂါကလပ် ဗီလာရီးယဲလ်၊ ရီခရီယေတီဗိုအသင်းတွေကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ကလပ် ဝီဂန်အသင်းကိုပြောင်းရွှေ့ခဲ့ပြီးနောက် မန်ယူအသင်းကို ၂၀၀၉ခုနှစ်မှာပြောင်းရွှေ့လာသူပါ။ ဗလင်စီယာဟာ မန်ယူအတွက်ပွဲပေါင်း ၂၄၀အထိကစားထားပြီး ၁၇ဂိုးသွင်းယူထားနိုင်ပါတယ်။