Twitter ကို အီလွန်မတ်စ် အပိုင်ဝယ်လိုက်ပြီးနောက်မှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ပဲ စတင်လာပါတယ်။
ဒေါ်လာ ၄၄ ဘီလျံနဲ့ Twitter ကို ဝယ်ယူလိုက်ပြီးနောက်ပိုင်း အီလွန်မတ်စ်ဟာ ဝန်ထမ်းတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာပါတယ်။ အသိသာဆုံးဥပမာကတော့ အီလွန်မတ်စ်ကိုယ်တိုင် ချီးကျူးခဲ့ဖူးတဲ့ အမှုဆောင်အရာရှိချုပ် ပါရက်အဂ္ဂရာဝဲလ် ၊ ဘဏ္ဍာရေးအရာရှိချုပ် နက်ဂ် ဆီးဂဲလ် ၊ မူဝါဒရေးရာအကြီးအကဲ ဗီဂျာယာ ဂတ်ဒီ ၊ Twitter ရဲ့ အတိုင်ပင်ခံချုပ် ရှောင် အက်ဒ်ဂတ်တို့ အလုပ်က အထုတ်ခံလိုက်ရတာပါ။
Photo: ifex
The Verge သတင်းရဲ့ ဖော်ပြချက်အရဆို အီလွန်မတ်စ်ဟာ Twitter ပေါ်က အတည်ပြုအကောင့်တွေကို အခပေးရမယ့်ဝန်ဆောင်မှုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အခပေးအကောင့်စနစ် ပြောင်းဖို့ ဝန်ထမ်းတွေကို နောက်ဆုံးပြီးရမယ့်ရက် သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း မပြီးတာနဲ့ အလုပ်က ထုတ်မယ်လို့လည်း ပြောထားပါတယ်။ ညွှန်ကြားချက်ကတော့ Twitter Blue ရဲ့ အတည်ပြုအကောင့်အသုံးပြုသူတွေကို လစဉ်ကြေးတိုးကောက်ဖို့ ဖြစ်ပါတယ်။
အထူး Features တွေ အသုံးပြုနိုင်ဖို့ တစ်လ ၄.၉၉ ဒေါ်လာပေးသုံးရတဲ့ Twitter Blue ရဲ့ Verified Users တွေကို လစဉ်ကြေးအသစ်အနေနဲ့ တစ်လ ၁၉.၉၉ ဒေါ်လာ ကောက်ခံဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ လက်ရှိအစီအစဉ်အရ Twitter ရဲ့ အတည်ပြုပြီးသား အသုံးပြုသူတွေဟာ သူတို့ရထားတဲ့ Blue Mark မပျောက်အောင် လစဉ်ကြေးသစ်နဲ့ ပေးရမှာ ဖြစ်ပြီး လစဉ်ကြေးပေးဖို့ ရက် ၉၀ အချိန်ပေးထားပါတယ်။ ရက် ၉၀ အတွင်း လစဉ်ကြေး မဆောင်တဲ့ Blue Mark အကောင့်ပိုင်ရှင်တွေဟာ သူတို့ရထားတဲ့ Checkmark ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။
Photo: Complex
လစဉ်ကြေးတိုးထားတဲ့ ပရောဂျက်ကို ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ အဆိုအရ ကုမ္ပဏီဟာ နိုဝင်ဘာ ၇ ရက်နေ့ နောက်ဆုံးအပြီး ပရောဂျက်လုပ်ပေးရမှာ ဖြစ်ပြီး အချိန်မှီမပြီးရင် အလုပ်ထုတ်ခံရမယ်လို့လည်း ဆိုပါတယ်။ မတ်စ်ကိုယ်တိုင်ကလည်း Twitter ရဲ့ အကောင့်အတည်ပြုမှု နဲ့ အကောင့်တု Bots ကိစ္စ ကိုင်တွယ်ရေးမှာ အသစ်ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။ တနင်္ဂနွေနေ့က သူတင်ခဲ့တဲ့ Tweet ထဲမှာ "အကောင့်အတည်ပြုတဲ့ ကိစ္စတစ်ခုလုံးကို အခုကစလို့ အသစ်ပြန်ပြင်နေပါတယ်" လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် သောကြာနေ့မှာ အီလွန်မတ်စ်ဟာ Twitter ကို ဒေါ်လာ ၄၄ ဘီလျံပေး ဝယ်ယူခဲ့ရာကနေ Twitter ဟာ အများပိုင်လုပ်ငန်းတစ်ခုအဖြစ်ကနေ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးပိုင် လူမှုကွန်ရက်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။